ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၌ AIနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၌ AIနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


ပုသိမ်၊ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် AIနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေကြီးဝန်ကြီးချုပ်က“ ယခုလက်တလော ကမ္ဘာတွင် လူသိများပြီး နေရာတိုင်းမှာ အသုံးချလာသည့် Artificial Intelligence သဘာဝကျကျ ဉာဏ်ရည်တုနည်းပညာသည် လတ်တလော ခေတ်မှာရော၊ အနာဂတ်ခေတ်မှာပါ လူသားများ၏ နေ့စဉ်ဘဝတွေအပေါ်မှာ အလွန်အမင်းသက်ရောက်လာသည့် နည်းပညာဖြစ်ပါကြောင်း၊ ယခုသင်တန်းက နေရယူခဲ့သည့် နည်းပညာတွေက အစိုးရရုံးများ၌ လုပ်ငန်းဆောင်တာများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုကို ပြောင်းလဲတိုးတက်သွားနိုင်မည့် နည်းပညာပဲဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ကြိုစားအားစိုက်လေ့လာမှုနှင့်  လေ့ကျင့်မှုများသည် ပိုမိုမြန်ဆန်ထိရောက်တဲ့ စီမံခန့်ခွဲမှုတစ်ရပ်ကို ဖြစ်ထွန်းပေါ်ပေါက်လာစေမှာဖြစ်သည့်အတွက် ဝန်ထမ်းများရဲ့ နည်းပညာကျွမ်းကျင်မှုဟာ အနာဂတ်နိုင်ငံတော်အတွက်ကြီးမားသည့် အင်အားပင် ဖြစ်ပါကြောင်း၊ နိုင်ငံတကာနယ်ပယ်မှာ ကြည့်ရင်လည်း AI ကို အသုံးပြုပြီးပိုမိုမြန်ဆန်၊ ထိရောက်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုတွေကို တဖြည်းဖြည်းပြောင်းလဲလာကြပြီး အချက်အလက် ဒေတာများနှင့် လျင်မြန်စွာ လုပ်ဆောင်လာကြတာကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ AI ဟာ နယ်ပယ်အစုံမှာ သက်ရောက်မှုကြီးကြီးနှင့် လွှမ်းမိုးလာတာကို မြင်တွေ့နေကြရပါပြီဖြစ်ပါကြောင်း၊ AI နည်းပညာကို ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ရေး၊ အချက်အလက်များ မှန်ကန်စွာရေးသွင်းနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  ပိုမိုကျယ်ပြန့်စွာအသုံးချနိုင်ရေး စဉ်ဆက်မပြတ်လေ့လာသွားရန် တိုက်တွန်းလိုပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ဥပဒေပြုရေးကဏ္ဍအပေါ် AI နည်းပညာ၏ အကျိုးသက်ရောက်မှု” Projectအား အဖွဲ့(၁)ကိုယ်စား ဒေါ်ငြိမ်းအိအိဖြူ၊ ဒုတိယဦးစီးမှူးကလည်းကောင်း၊ လွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမပုံမှန်အစည်းအဝေးပထမနေ့ ဆောင်ရွက်ချက်များအား AI နည်းပညာဖြင့်ဖန်တီးခြင်း” Project အား အဖွဲ့(၂)ကိုယ်စား ဒေါ်မိုးအေးထွန်း၊ ဦးစီးအရာရှိကလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်က Project ဆွေးနွေးတင်ပြခဲ့သည့် သင်တန်းသားများနှင့် AI နည်းပညာများ ဆွေးနွေးပို့ချခဲ့သည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင်၊ တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်း၊ နာယကတို့အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။ ယင်းနောက် Al နည်းပညာများ ဆွေးနွေးပို့ချခဲ့သည့် ဆရာဦးမောင်မောင်ဦးက သင်တန်းသားများအား  သင်တန်းဆင်းလက်မှတ်များ ဆက်လက်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာရှိ တောင်သူဦးကျင်သန်း၏ စိုက်ဧက (၃)ဧကတွင် YSR-1 မျိုးစမ်းသပ်စိုက်ခင်း မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအားလည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာရှိ တောင်သူဒေါ်သီတာ၏ စိုက်ဧက(၈)ဧကတွင်ပြုလုပ်သည့် ဆင်းသုခမျိုးစပါးအား မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအားလည်းကောင်း ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးမှု၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်သုံးစွဲနိုင်မှု၊ သွင်းအားစုကုန်ကျမှု၊ အထွက်နှုန်းတိုးတက်မှု အခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး သဘာဝမြေဩဇာများပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်မျိုးစပါးများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေး မှာကြားခဲ့သည်။ အဆိုပါ မဒေါ့ကုန်းကျေးရွာရှိ တောင်သူဦးကျင်သန်း၏ စိုက်ဧက (၃)ဧကတွင် YSR-1 မျိုးစမ်းသပ်စိုက်ခင်း မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၂၀)တင်း ထွက်ရှိခဲ့ပြီး ကွင်းယားအရှေ့ကျေးရွာရှိ တောင်သူဒေါ်သီတာ၏ စိုက်ဧက(၈)ဧကတွင် ပြုလုပ်သည့် ဆင်းသုခမျိုးစပါးအား မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧက ပျမ်းမျှအထွက်နှုန်း (၁၁၉) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)