Pages

Pages

နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၆

နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့်အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြည်လည်သုံးသပ်ချက်များအရ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရာထူးဝန်အဖွဲ့က ရာထူးအဆင့်အလိုက် သတ်မှတ်ထားသော သင်တန်းများအပြင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးတိုးမြှင့်ပေးရန် လျာထားသူများအား ယင်းအဆင့်နှင့်လျော်ညီစွာ စီမံခန့်ခွဲအုပ်ချုပ်နိုင်သည့် အရည်အသွေးများရှိစေရန်အတွက် အခြားသောဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးတာဝန်အတွက် ရည်ရွယ်ဖွင့်လှစ်သော အဆင့်မြင့်သင်တန်းများကိုလည်း တက်ရောက်ရန်လိုအပ်မည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ် ပြင်ဆင်လိုခြင်းဖြစ်ကြောင်း။

ဤဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်းဖြင့် ရေရှည်အားဖြင့် ဝန်ထမ်းအဖွဲ့အစည်းတွင် အကျိုးရှိမည်ဖြစ်ပြီး တည်ငြိမ်သည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်လာစေရန် သင်တန်းနှင့် ရာထူးတိုးမြှင့်ခြင်းကို ဆက်စပ်ပေးထားခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)သည် နိုင်ငံတော်အတွက် ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment