(၅၃) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးမှ တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့နှင့် မျိုးစေ့ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၅၃) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးမှ တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့နှင့် မျိုးစေ့ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာ ၃

(၅၃) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို “မျိုးစေ့ဥပဒေနှင့် မျိုးစေ့မျိုးပွား သုတေသနများအကြာင်း” ခေါင်းစဉ်ဖြင့် ယမန်နေ့က စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီများ၊ ပညာရှင်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဝန်ထမ်းများ၊ မ‌ကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် Golden Sunland ၊ Future Green၊ ပြည့်ဝ၊ ရတနာ၊ နွယ်မင်းလတ်မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူ ၁၉၉ ဦးတို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့အနေဖြင့် ပညာရှင်နှင့် တောင်သူကြား၊ လုပ်ငန်းရှင်နှင့် သုတေသနကြား ကွာဟမှုကို လျှော့ချပေးနိုင်ရန်အတွက် ယခုကဲ့သို့ တောင်သူနည်းပညာဆွေးနွေးပွဲ များကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ဥပဒေသည် အရေးကြီးကြောင်း၊ အဆိုပါမျိုးစေ့ဥပဒေအား ဆက်စပ်ပတ်သက်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မျိုးစေ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မျိုးစေ့ဥပဒေအား ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ တစ်ဖက်မှလည်း စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များအနေဖြင့် မျိုးစေ့မှတ်ပုံတင်သည့်အခါ မျိုးအမည်ပေးစနစ်အား တောင်သူများအကြား ခေါ်ရလွယ်မည့်၊ မှတ်မိလွယ်သည့် မျိုးအမည် ပေးရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းကြည်နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါ်သိန်းသိန်းမော်တို့က စပါးမျိုးစေ့ပွားများ ထုတ်လုပ်ဖြန့်ဖြူးမှုနည်းစနစ်နှင့် မျိုးစေ့လုပ်ငန်းဆောင်ရွက်သူနှင့် ဝယ်ယူသုံးစွဲသူတို့အတွက် မျိုးစေ့ဥပဒေအကြောင်းသိကောင်းစရာများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များ အပေါ် ဖြေကြားဆွေး‌နွေးခဲ့ကြကာ ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် မ‌ကွေးတိုင်းဒေသကြီး တောင်သူကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကမျိုးစေ့ ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ ဗဟိုဌာနတွင် စမ်းသပ် သုတေသနပြုစိုက်ပျိုးထားသည့် စားသုံးမှုကောင်း၍ အထွက်နှုန်းကောင်းမွန်သော မိုးရေသောက် လယ်စပါးများ မျိုးမွေးမြူရွေးချယ်ခြင်း သရုပ်ပြ စမ်းသပ်စိုက်ခင်းနှင့် တောင်သူများ ပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်းအတွက် စိုက်ပျိုးထားရှိခြင်းများ၊ ဩဂဲနစ် သုတေသနဗဟိုဌာနအတွင်း ဆောင်ရွက်လျက်ရှိသည့် လေအေးပေး၍ မြေဆွေးစေခြင်း ဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)