နေပြည်တော်၊ နိုဝင်ဘာ ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည် ဖြစ်သည်။
အဆိုပါစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် (အင်္ဂါနေ့) နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစား ဆောင်တွင်လည်းကောင်း ၃၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါ၍ လှူဒါန်းလိုသော အလှူရှင်များအနေ ဖြင့် သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ ၀၉-၄၃၀၆၇၁၆၈၊ ၀၉၄၄၃၁၉၀၁၉၃ တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရ သည်။
ဖွင့်ပွဲအခမ်းအနားနှင့်စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး နှစ်ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် လေးပါး၊ ကြီးကြပ်ရေး ဆရာတော်လေးပါး၊ စာထောက်စာမဆရာတော်အပါး ၁၆၀၊ အာဂုံပြန်စာရင်းသွင်း သံဃာအပါး ၂၇၀၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ ၂၃၈ ပါး စုစုပေါင်း ၆၈၉ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment