နေပြည်တော်၊ နိုဝင်ဘာ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Ganlu နှင့်အဖွဲ့ကို ၂၁-၁၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ယူနန်ပြည်နယ်ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ် Shang Shui Ballroom အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ် ဝင်/ ထွက်ဂိတ်တချို့ကို လုံခြုံရေးအရစိစစ်ခွင့်ပြုပေးလျက်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားမှု၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အခြားသောနိုင်ငံများ၏ နယ်စပ်ဂိတ်များဝင်/ထွက်သွားလာမှုကို စနစ်တကျစစ်ဆေးကြပ်မတ်ရေး၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက်နည်းပညာနှင့် ဘာသာရပ်ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်စပ် ပြည်ဝင်/ပြည်ထွက် လူဝင်မှုကြီးကြပ် ရေးလုပ်ငန်းများအတွက်လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများအောင်မြင်ရေး ထောက်ခံရပ်တည်ဆောင်ရွက် လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအရ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ဒုတိယဝန်ကြီး Mr. Xu Ganlu က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment