နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အလွှာပေါင်းစုံမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် ထိခိုက်ခံစားရမှုအခြေအနေ၊ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များတွင် ပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်စေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအမွေအနှစ်များ တိုးတက်ပြန့်ပွားရေးဆိုင်ရာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖော်ဆောင်နေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဖိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးဆိုင်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာများ နှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများသည် ပြည်နယ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)