အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်နှင့် အာဆီယံအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်နှင့် အာဆီယံအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၁၉

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ အဓိကခရီးသွားဈေးကွက် နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍမဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အလားအလာများအရ အနာဂတ်အာဆီယံဒေသတွင်းခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထားဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးကြသည်။

နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်ကို ဆက်လက်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စင်ကာပူနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့်ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီး Mr. Alvin Tan နှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်ဥက္ကဋ္ဌ Mr. Luigi Cabrini တို့ တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာမှ စိတ်ပါဝင်စားသူကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ကြသည်။ အဆိုပါကွန်ဖရင့်တွင် နိုင်ငံတကာမှ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးစံနှုန်းများ ရေးဆွဲသတ်မှတ်ထားမှု၊ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပါဝင်သက်ဆိုင်သူများ စုပေါင်းဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးအစီအစဉ်သို့ ဆက်လက်ပါဝင်တက်ရောက်ခဲ့ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းများအနက် အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်သင့်သည့် အခြေအနေ၊ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်အသုံးပြုမှုလျှော့ချရေးအစီအစဉ်များ ထည့်သွင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် Marina Bay Cruise Centre Singapore နှင့် Singapore Cruise Centre အပျော်စီးသင်္ဘောဆိပ်များသို့ သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံသို့ ဝင်/ထွက် သွားလာရာတွင် လွယ်ကူအဆင်ပြေအောင် ဝန်ဆောင်မှုပေးနေမှုလုပ်ငန်းစဉ်များကို လေ့လာခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)