တပ်ကုန်း၊ နိုဝင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် တန်ဆောင်တိုင်ပွဲတော်ကြီးတွင် မြန်မာ့ရိုးရာ နွားအလှနှင့်ဒုန်းသိုင်းပြိုင်ပွဲ ထည့်သွင်းကျင်းပယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မြန်မာ့ရိုးရာယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲ၊ ဒုန်းသိုင်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခြားမြို့နယ်များမပါဘဲ တပ်ကုန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာမှာရှိကြတဲ့ တောင်သူများ၏ နွား၊ လှည်းယဉ်များကိုသာ ပြိုင်ဆိုင်ခွင့်ပြုသွား မည့်ဖြစ်ပါကြောင်း၊ ဆုကြေးများကို (ပ၊ ဒု၊ တ)ဆုကြီးများအပြင် နှစ်သိမ့်ဆုများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက မြန်မာ့ရိုးရာဓလေ့ပြိုင်ပွဲများ ဖော်ဆောင်ပေးခဲ့ရာမှာ မြို့နယ်အတွင်းရှိ တောင်ပေါ်၊ မြေပြန့်ကျေးရွာများပါမကျန် မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲ၊ ဒုန်းသိုင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပကြောင်း ပြည်သူများ သိရှိစေရေး၊ ကျေးရွာပေါင်းစုံ ပါဝင်ယှဉ်ပြိုင်စေရေး၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တက်ရောက်လာသည့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်တို့က တန်ဆောင်တိုင်ပွဲတော်နှင့် မြန်မာ့ရိုးရာနွားအလှပြိုင်ပွဲ၊ ဒုန်းသိုင်းပြိုင်ပွဲ၊ MSME ဈေးရောင်းပွဲ ကျင်းပရေးအစီအစဉ်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီးနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်းတို့က တန်းဆောင်တိုင်ပွဲတော်ကြီးကျင်းပရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment