နေပြည်တော်၊ နိုဝင်ဘာ ၉
ပြင်ဦးလွင်ဒေသ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့က ပြင်ဦးလွင်ကော်ဖီဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်း တာဝန်ရှိသူများ နှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် ရှိသည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ နှောင့်နှေးမှုမရှိစေဘဲ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်ဖီတောင်သူများ ကော်ဖီ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ရေရှည်အကျိုးစီးပွားကို မျှော်မှန်းပြီး မြေယာလုပ်ပိုင်ခွင့် အသုံးပြုခွင့်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လို ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ညှိနှိုင်းဆွေးနွေးကြသည်။
ထိုမှတစ်ဆင့် ရမည်းသင်းမြို့နယ် သင်ပန်းကုန်းကျေးရွာအုပ်စု မိုးစပါးစံပြကွက်တွင် စိုက်ပျိုးထားသော အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးသစ် (YSR-1) ဧက ၄၀ ၏ ဖြစ်ထွန်း အောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် သင်ပန်းကုန်း၊ ဆည်ကြီးနှင့် ညောင်အိုင်ကျေးရွာ များမှ တောင်သူများအား တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ တောင်သူများ၏ သီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဝင်ငွေအကျိုးအမြတ်တို့ကို မေးမြန်းဆွေးနွေးပြီး မျိုးကောင်း မျိုးသန့် ပြောင်းလဲသုံးစွဲခြင်း၏ အရေးပါမှုနှင့် သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် ဌာနပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဆောင်းနေကြာ (ဆင်းရွှေကြာ - ၂) ဧက ၁၅၀ စံပြစိုက်ကွင်းကို ကြည့်ရှုစစ်ဆေး ပြီး ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ နေကြာစိုက်ပျိုးခြင်းဆိုင်ရာ လိုက်နာသင့်သော နည်းပညာများကို ရှင်းလင်းဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြမှုအပေါ် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment