နေပြည်တော်၊ နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ဒုတိယနေ့(၂၉-၁၁-၂၀၂၄) ရက်နေ့က စာတမ်းဖတ်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ယနေ့နံနက်ပိုင်းတွင် Parallel Session သုံးခုဖြင့်ကျင်းပပြီး မွန်းလွဲပိုင်းတွင် Plenary Session ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးတို့ တက်ရောက်အားပေးကြသည်။
စာတမ်းဖတ်ပွဲ Parallel Session IV တွင် လယ်ယာကဏ္ဍထုတ်လုပ်မှုနှင့် စားရေရိက္ခာ ဖူလုံကြွယ်ဝမှု ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင်ခုနစ်ဦးတို့က ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်ခြင်းဖြင့် စားရေရိက္ခာဖူလုံစေရေး၊ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှုနှင့် စားသုံးမှုကို ပထဝီဝင်ရှုထောင့်မှ လေ့လာခြင်းနှင့် ၂၀၅၀ ပြည့်နှစ်အတွက် ဆန်ဖူလုံမှုအလားအလာ၊ စားရေရိက္ခာထုတ်လုပ်မှု၊ ဖူလုံမှုနှင့် စိန်ခေါ်မှုအခက်အခဲများနှင့် အခွင့်အလမ်းများ၊ ရာသီဥတုဖောက်ပြန်မှုကို တုံ့ပြန်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် စပ်မျိုးစပါးလက်ခံ ကျင့်သုံးမှုနှင့် အလားအလာများ၊ စစ်ကိုင်းခရိုင်အတွင်း မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးဆီဖူလုံမှုအခြေအနေကို လေ့လာဆန်းစစ်ခြင်း (၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် အထိ)၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စီးပွားရေးတွက်ခြေကိုက်ပြီး ကောက်ပဲသီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် Plasma နည်းပညာအကူအညီဖြင့် ဆောင်ရွက်ခြင်း၊ မြန်မာ့ပဲမျိုးစုံ ထုတ်လုပ်မှုနှင့်တင်ပို့မှုအား လေ့လာဆန်းစစ်ခြင်းခေါင်းစဉ်တို့ဖြင့်ဆွေးနွေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်သည်။
Parallel Session V တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးမှု ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင်ကိုးဦးတို့က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော ပြည်တွင်းအသေးစား ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေအားလေ့လာခြင်း၊ မြန်မာအစိုးရ၏ ချေးငွေထောက်ပံ့မှု အစီအစဉ်များနှင့် မြန်မာ MSMEs များ၏ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုဇုန်များ၏ အခန်းကဏ္ဍ၊ မြန်မာ့ MSME စွမ်းအားဖြင့် နိုင်ငံ့ ဘဏ္ဍာတိုးမြှင့်ရေး၊ MSME နှင့် နိုင်ငံဖွံ့ဖြိုးဖို့ ခေတ်မီနည်းစနစ်ဖြင့် အားလုံးပူးပေါင်းလုပ်ကြစို့၊ မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် အနာဂတ်အလားအလာအား လေ့လာဆန်းစစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အသေးစားနှင့် အလတ်စား စားသောက်ကုန်လုပ်ငန်းများ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကိုလေ့လာခြင်း၊ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များ၏ Soft Skills ကို လေ့လာခြင်း၊ စားသောက်ကုန် လုပ်ငန်းကဏ္ဍမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြု၍ ပြည်တွင်းစီးပွားရေး မြင့်မားလာစေရန် မူဝါဒအကြံပြုတင်ပြချက် စာတမ်းခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က သဘာပတိအဖြစ် ဆောင်ရွက်သည်။
Parallel Session VI တွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍခေါင်းစဉ်၏ အောက်တွင် စာတမ်းရှင် ၁၀ ဦးတို့က နိုင်ငံစီးပွားရေးအား ရင်းနှီးမြှုပ်နှံမှု ရှုထောင့်မှလေ့လာခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအပေါ် သက်ရောက်မှုနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်သင့်သည်များကို လေ့လာခြင်း (၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ခရီးသွားလုပ်ငန်း၏ အထောက်အကူပြုနိုင်မှုများကို လေ့လာဆန်းစစ်ခြင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ၊ ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်း နယ်ပယ်အတွင်း Digital နည်းပညာ ပါဝင်ကျယ်ပြန့်လာခြင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ သီလဝါစက်မှုဇုန်ရှိ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ကျေနပ်မှုကို လေ့လာဆန်းစစ်ခြင်း၊ မြန်မာနိုင်ငံအာမခံကဏ္ဍ၏ အခွင့်အလမ်းကောင်းများနှင့် စိန်ခေါ်မှုများ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အသစ်များနှင့် အလားအလာများ၊ မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလားအလာကိုလေ့လာခြင်း ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက သဘာပတိအဖြစ် ဆောင်ရွက်သည်။
မွန်းလွဲပိုင်းတွင် “စီးပွားရေး ပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၏ Plenary Session အခမ်းအနားကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး Parallel Session I ၏ သဘာပတိအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က စာတမ်းရှစ်စောင်မှရရှိသော မူဝါဒဆိုင်ရာ ကောက်နုတ်ချက် ရှစ်ချက်ကိုလည်းကောင်း၊ Parallel Session II ၏ သဘာပတိ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က စာတမ်း ၁၁ စောင်မှရရှိသော မူဝါဒဆိုင်ရာအကြံပြုချက် ၁၂ ချက်ကိုလည်းကောင်း၊ Parallel Session III ၏ သဘာပတိဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက စာတမ်းခုနစ်စောင်မှရရှိသော မူဝါဒဆိုင်ရာအကြံပြုချက် ၂၁ ချက်ကို လည်းကောင်း၊ Parallel Session IV ၏ သဘာပတိ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စာတမ်းခုနစ်စောင်မှရရှိသော မူဝါဒဆိုင်ရာကောက်နုတ်ချက် ၁၁ ချက်ကိုလည်းကောင်း၊ Parallel Session V ၏ သဘာပတိ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က စာတမ်းကိုးစောင်မှရရှိသော မူဝါဒဆိုင်ရာအကြံပြုချက် ၁၀ ချက်ကိုလည်းကောင်း၊ Parallel Session VI ၏ သဘာပတိ ဒုတိယဝန်ကြီး ဦးမင်းမင်းက စာတမ်း ၁၀ စောင်မှရရှိသော မူဝါဒဆိုင်ရာ အကြံပြုချက် ၆၀ ကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ အဆိုပါ Plenary Session မှရရှိလာသည့် ဆွေးနွေး တင်ပြချက်များကို ကောက်နုတ်ပြီး မူဝါဒဆိုင်ရာ အကြံပြုချက်များ အဖြစ်စုစည်း၍ နိုင်ငံတော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အခမ်းအနားသို့ တက်ရောက်လာကြသော ကန်တော့ခံ ဆရာကြီး ဆရာမကြီးများသည် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပါတသန္တိဘုရားများသို့ သွားရောက်ဖူးမြော်ခြင်း၊ ဆင်ဖြူတော်များ သွားရောက်ကြည့်ရှုခြင်း၊ အမျိုးသားပြတိုက်နှင့် မော်ကွန်းတိုက်များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment