မြစ်ကြီးနား ၊ နိုဝင်ဘာ ၂
ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ ပူးပေါင်းပြီး ပြည်နယ်၏အကျိုးစီးပွားကို လက်တွဲဆောင်ရွက်နိုင်ကာ ပြည်နယ်ချစ်စိတ်၊ မျိုးချစ်စိတ်များကို ပိုမိုတိုးပွားထက်သန်လာစေရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြည်နယ် ပြည်သူ့အားကစားကွင်း၌ တိုင်းရင်းသားမျိုးနွယ်စုများ၏ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားမျိုးနွယ်စု (၆)မျိုး၊ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားတို့ပါဝင်သည့် စုစုပေါင်းဘောလုံးအသင်း (၁၂)သင်းမှ အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားများက ဘောလုံးကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲကျင်းပရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့် တိုင်းရင်းသားမျိုးနွယ်စု အလိုက်ခေါင်းဆောင်များက ပြိုင်ပွဲဝင်ဘောလုံးအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး အမှတ်တရဘောလုံးနည်းပြလက်စွဲစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ပြည်နယ်ဝန်ကြီးထံ လည်းကောင်း၊ ဖွင့်ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသည့် အသင်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းရင်းသားမျိုးနွယ်စုများက တိုင်းရင်းသားရိုးရာတေးသီချင်း သရုပ်ဖော်အက အလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ဇိုင်းဝါးအသင်းနှင့် တိုင်းခမ်းတီ ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကျောင်းသား/ကျောင်းသူများ၊ ဘောလုံးချစ်ပရိတ်သတ် များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်အပြီးတွင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစား သမားဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက် ၇ နာရီခွဲကလည်း မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းထောင့် ဧရာဝတီမြစ်ဆိပ်မှတစ်ဆင့် မီးသတ်ဦးစီးဌာန၏ အမြန်ရေယာဉ်များဖြင့် နောင်တာလောရေလယ်ကျွန်းပေါ်တွင် ဆီထွက်သီးနှံများအပါအဝင် ဆောင်းသီးနှံများ တိုးချဲ့စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ သွားရောက်ခဲ့ကြသည်။
ထိုသို့ သွားရောက်ရာတွင် ရေလယ်ကျွန်းပေါ်၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြနေသော တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် သီးနှံစိုက်စွမ်းအား တိုးမြှင့်လာစေရေး အတွက် ရိုးပြတ်မကျန်၊ မြေနေရာလွတ်မကျန် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာတွင် ယနေ့ ရေလယ်ကျွန်းသဲသောင်ခုံပေါ်တွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တောင်သူများအနေဖြင့် ယခုနှစ်မှစတင်၍ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်း မှာကြားပြီး တောင်သူများ၏ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ သဲသောင်ခုံပေါ်တွင် ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ထယ်ရေးထွန်ယက်ထားသည့် မြေဧရိယာ ၁၁ ဧကကျော်ပေါ်တွင် နေကြာမျိုးစေ့များကို ကြဲပက်စိုက်ပျိုးပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါသဲသောင်ခုံတစ်လျှောက် နောင်တာလောကျေးရွာနေပြည်သူများ၏ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ သည့် ဖရဲ၊ ဖရုံ၊ သခွား၊ ဘူးနှင့် မုန်ညှင်း၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ချဉ်ပေါင်စသည့် ဟင်းသီးဟင်းရွက် များ ခြံခတ်စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများ လိုအပ်ချက်များ ကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့သို့ အမြန်ရေယာဉ်များ ဖြင့် ပြန်လည်ရောက်ရှိပြီး လောကမာန်အောင် ဆုတောင်းပြည့်စေတီတော် မြစ်ဆိပ်မှတစ်ဆင့် စီတာပူရပ်ကွက် အင်ဂျန်းချောင်းဆုံနေရာအထိ ဧရာဝတီမြစ်သဲသောင်ခုံဖြစ်ထွန်းမှုအပေါ် အဆိုပါ သဲသောင်ခုံတွင် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သီးနှံစိုက်စွမ်းအား တိုးမြှင့်လာစေရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ထွန်စက်များဖြင့် ထွန်ယက်ထားသည့် မြေဧရိယာ ဧက(၁၇)ဧကကျော်ပေါ်တွင် (၈)ဧကခန့်အား ဆီမုန်ညှင်း ကြဲပက် စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ စီတာပူရပ်ကွက် အင်ဂျန်းချောင်းဆုံနေရာရှိ သဲသောင်ခုံပေါ်တွင် တိုးချဲ့စိုက်ပျိုး နိုင်ရေး လယ်ထွန်စက်များဖြင့် ထပ်မံထွန်ယက်နေမှု အခြေအနေများနှင့် စက်ယန္တရားကြီးများဖြင့် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည့်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က ကျန်စိုက်ပျိုးနိုင်သည့် မြေဧရိယာများပေါ်တွင် ပန်းနှမ်းကြဲပက် စိုက်ပျိုးနိုင်ရေးနှင့် အင်ဂျန်းချောင်းဆုံနေရာအား ရေထိန်းတံခါး တည်ဆောက်နိုင်ရေးအတွက် ချောင်းဝရှင်းလင်းရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment