နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထေရ်၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထေရ်၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထေရ်၏ အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာ

 

[ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်) သောကြာနေ့]

ဆရာတော်အရှင်မြတ်တို့ဘုရား-

ဤအစည်းအဝေးတွင် လောကဓံ၏ရိုက်ခတ်မှုဒဏ်ကို ခံကြရသည့်အခါ ယောနိသောမနသိကာရ ထားတော်မူနိုင်ကြရန် အကြောင်းအားလျော်စွာ လျှောက်ထားလိုပါသည်ဘုရား။

ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လ၊ ခရစ်နှစ် ၁၉၈၀ ပြည့် နှစ်၊ မေလ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းသံဃာတော်အားလုံးတို့၏ သမ္မုတိပေး ရွေးချယ်စေလွှတ်အပ်သော သမ္မုတိရသံဃာ့ကိုယ်စား လှယ် (၁၂၁၈)ပါးတို့ တက်ရောက်တော်မူကြသည့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်း ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သာသနာဝင် မှတ်တမ်းများကို ပြဋ္ဌာန်းခဲ့ပြီး ထိုစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဓမ္မဝိနယများနှင့်အညီ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့များနှင့် ဝိနည်းဓိုရ်များကို ဖွဲ့စည်းရွေးချယ်နိုင်ခဲ့ကြပါသည်ဘုရား။

ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းများကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့အား တာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ထပ်ဆင့်တာဝန်ပေးအပ်ခဲ့ပါသည်။ ယင်းသို့ပေးအပ်ခဲ့သောသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းတာဝန်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးနှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သည် အားသွန်ခွန်စိုက် အဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်မှာ အဋ္ဌမအကြိမ် သက်တမ်းတိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်ဘုရား။

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် ဖြတ်သန်းခဲ့သောကာလများအတွင်း သာသနပစ္စတ္ထိက - သာသနာ့ရန်စွယ်အန္တရာယ်များ၊ သာသနာ့အညစ်အကြေးများကို သန့်ရှင်းစင်ကြယ်စေခြင်း၊ အဓမ္မဝါဒ များကို နှိမ်နင်းဖယ်ရှားတားဆီးနိုင်ခြင်း၊ ပရိယတ္တိစာမေးပွဲအသီးသီးကို စဉ်ဆက်မပြတ်ကျင်းပနိုင်ခဲ့ခြင်း၊ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များကို အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသောမူအရ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့် အနားယူအစားထိုးလုပ်ငန်းများကိုလည်း အကြိမ်အလိုက် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစီမံချက်၊ ဓမ္မဝိနယများနှင့်အညီ မပျက်မကွက် အစားထိုးရွေးချယ် ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။ လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း သံဃနာယကအဖွဲ့အဆင့်ဆင့် အနားယူ အစားထိုးရွေးချယ်ပွဲများကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ရာ ၁၆-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပသောအဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီသတ္တရသမအစည်း အဝေးက သံဃနာယကအဖွဲ့အဆင့်ဆင့် အနားယူအစားထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် “၂၀၂၅ ခုနှစ် သံဃနာယကအဆင့်ဆင့် အနားယူအစားထိုး လုပ်ငန်းစီမံချက်ရေးဆွဲရေးအဖွဲ့” ကို ဖွဲ့စည်းတာဝန်ပေးဆောင်ရွက် စေခဲ့ပါသည်ဘုရား။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သည် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ် ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပရိယတ္တိပညာရေးစာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်း စသည်တို့၌ ပြဋ္ဌာန်းဖော်ပြပါရှိသည့် သာသနာ့လုပ်ငန်းတာဝန်များကိုသာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပါသည်ဘုရား။ ထိုလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သံဃာထုကရွေးချယ်အပ်သော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်တို့မှတစ်ဆင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့က ပေးအပ်သောတာဝန်ကို ထမ်းဆောင်နေခြင်းပင် ဖြစ်ပါသည်ဘုရား။ ယင်းသို့ဆောင်ရွက်ခြင်းသည် သာသနာ့ဝန်ထမ်း ရဟန်းတော်များအတွက် မြတ်စွာဘုရားရှင်သတ်မှတ်ပေးသနားတော် မူခဲ့သောဂန္ထဓုရ၊ ဝိပဿနာဓုရနှစ်ပါးကို ဘုရားရှင်အလိုတော်ကျ ဆောင်ရွက်နေခြင်းပင်ဖြစ်ပါသည်ဘုရား။


(အံ့၊ ၃၊ ၇)

ထိုသို့ သာသနာရေးကိစ္စများကိုဆောင်ရွက်ကြရာတွင် “အဋ္ဌိမေ ဘိက္ခဝေ လောကဓမ္မာ လောကံအနုပရိဝတ္တန္တိ၊ လောကော စ အဋ္ဌ လောကဓမ္မေ အနုပရိဝတ္တတိ။ ကတမေ အဋ္ဌ၊ လာဘော စ အလာဘော စ ယသော စ အယသော စ နိန္ဒာ စ ပသံသာ စ သုခဉ္စ ဒုက္ခဉ္စ” ဟူ၍ ဘုရားရှင်ဟောတော်မူသည့်အတိုင်း စီးပွားဥစ္စာရခြင်း၊ စီးပွားဥစ္စာမရခြင်း၊ အခြံအရံအကျော်အစောရှိခြင်း၊ အခြံအရံအကျော်အစော ကင်းမဲ့ခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာ ခြင်း၊ ကိုယ်စိတ်နှစ်ဖြာဆင်းရဲခြင်း ဟူသော လောကဓံတရား ရှစ်ပါး တို့သည် သတ္တဝါအပေါင်းသို့ အစဉ်တစိုက် လိုက်ပါကြမည်သာ ဖြစ်ပါသည်ဘုရား။ သတ္တဝါအပေါင်းတို့ကလည်း ဤလောကဓံတရား ရှစ်ပါးတို့သို့ အစဉ်တစိုက်လိုက်ပါကြမည်လည်း ဖြစ်ပါသည်ဘုရား။ ဤလောကဓံတရားရှစ်ပါးတို့နှင့် မည်သူမျှကင်းကွာနိုင်ကြမည်မဟုတ်ပါ။ ပရိသတ်လေးပါးအလယ်၌ တင့်တယ်စွာစံပယ်နေထိုင် တော်မူ၍ တရားချီးမြှင့်တော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်ကိုပင် အချို့ကကဲ့ရဲ့ကြ၊ အချို့ကချီးမွမ်းကြသေးသည်ဟု ဓမ္မပဒ အဋ္ဌကထာ(ဒု-၂၅၀)၌ ပြဆိုထားပါသည်ဘုရား။

ထို့အတူပင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသောမူအရ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စရပ်များကို ဆောင်ရွက်တော်မူကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအပါအဝင် သာသနာရေးကိစ္စရပ်များကို ဆောင်ရွက်နေကြသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ကို ကဲ့ရဲ့ပြစ်တင်သူများရှိကြသကဲ့ သို့ ချီးမွမ်းဂုဏ်ပြုသူများလည်းရှိကြပါလိမ့်မည်။ ယင်းသို့ ကဲ့ရဲ့ခံကြရ ချီးမွမ်းခံကြရသည့်အခါ လိုက်နာပြုကျင့်ရမည့်နည်းလမ်းကို ဘုရားရှင်ကိုယ်တော်မြတ်က ပေးသနားခဲ့ပါသည်ဘုရား။


“နိန္ဒာယ နပ္ပဝေဓေယျ၊ န ဥန္နမေယျ ပသံသိတော ဘိက္ခု”

(သုတ္တနိပါတ်၊ ၄၂၃)

“ဘိက္ခု၊ ရဟန်းသည်။ နိန္ဒာယ၊ သူတစ်ပါးကဲ့ရဲ့ခြင်းကြောင့်။ နပ္ပဝေဓေယျ၊ စိတ်ဓာတ်တွန့်ဆုတ်မတုန်လှုပ်ရာ။ ပသံသိတော၊ ချီးမွမ်းခံရလျှင်လည်း။ နဥန္နမေယျ၊ ဝမ်းသာလှုပ်ရွ မတက်ကြွရာ” ဟူသော ဒေသနာတော်ကို ဦးထိပ်ရွက်ပန်ဆင်၍ ကဲ့ရဲ့ခံရလျှင်လည်း မတုန်လှုပ်၊ ချီးမွမ်းခံရလျှင်လည်း မတက်ကြွဘဲစိတ်ဓာတ်တည်ငြိမ် အောင်ထားတော်မူကြရမည်ဟု နည်းလမ်းပေးသနားခဲ့ပါသည်ဘုရား။ ဆိုလိုသည်မှာ လောကဓံရှစ်ပါးနှင့် ကြုံဆုံရပါက လောကဓံတရားတို့၏မောင်းနှင်ရာသို့ လိုက်ပါပြောင်းလဲခြင်းမရှိဘဲ ယောနိသော မနသိကာရတရားဖြင့် စိတ်ဓာတ်တည်ငြိမ်အောင်ထားတော်မူကြပြီး ရင်ဆိုင်ကြရမည်သာဖြစ်ပါသည်ဘုရား။


ထိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုတို့ကို မမြဲသောအနိစ္စ၊ ဆင်းရဲသောဒုက္ခ၊ ဖောက်ပြန် ပြောင်းလဲခြင်းရှိသော ဝိပရိဏာမဓမ္မများသာဟု နှလုံးသွင်းဆင်ခြင်စဉ်းစားတော်မူကြ၍ တရားစစ်တရားမှန်၏ သဘောမှန်သရုပ် သကန်ကိုအမှန်အတိုင်းသိပြီးလျှင် ထိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုကြောင့် လိုလားနှစ်သက်တပ်မက်မှုနှင့် ကိုယ်စိတ်ညှိုးနွမ်းပင်ပန်းမှုတို့ကို ပယ်ရှားလျက် ဝဋ်ဒုက္ခအားလုံးမှ လွတ်မြောက်နိုင်မှုများကို အင်္ဂုတ္တရ နိကာယ်၊ အဋ္ဌကနိပါတ်၊ ဒုတိယလောကဓမ္မသုတ် (အံ၊ ၃၊ ၇၊ ၈၊၉)တွင် မြတ်စွာဘုရား အကျယ်တဝင့်ဟောကြားထားတော်မူသည် ကိုလည်း တွေ့နိုင်ပါသည်ဘုရား။


ထို့အပြင် ဘုရားတပည့်တော် ဖြည့်စွက်လျှောက်ထားလိုသည်မှာ “အန္ဓ ဗာလာနဉှိ နိန္ဒာ ဝါ ပသံသာ ဝါ အပ္ပမာဏာ၊ ပဏ္ဍိတေန ပန မေဓာဝိနော နိန္ဒိတော နိန္ဒိတော နာမ၊ ပသံသိတော စ ပသံသိတော နာမ ဟောတိ(ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၁၀) ဟူသော မြတ်စွာဘုရားရှင်၏ ဒေသနာလာသည့်အတိုင်း မသိနားမလည်သူများ၏ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းများသည် အလေးဂရုပြုလောက်သည့် လိုရင်းပမာဏမဟုတ်၊ ပညာရှိများကဲ့ရဲ့ခြင်းသည်သာ ကဲ့ရဲ့သည်မည်ကြောင်း၊ ပညာရှိများ ချီးမွမ်းခြင်းသည်သာ ချီးမွမ်းသည်မည်ကြောင်း ဟောကြားတော်မူသည့် အမိန့်ဒေသနာတော်ကို ဦးထိပ်ပန်ဆင်လျက် ပညာရှိသူတော်ကောင်းတို့ နှစ်ထောင်းအားရချီးမွမ်းကြမည့် သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးကိစ္စရပ်များကိုသာ ယောနိသော မနသိကာရ တရားလက်ကိုင်ထား၍ ညီညာဖြဖြ ကြိုးပမ်းအားထုတ်တော်မူကြပါဟု တိုက်တွန်းရင်း ဘုရားတပည့်တော်၏ သာရဏီယဩဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသည် ဆရာတော်အရှင်မြတ်တို့ ဘုရား။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)