လွိုင်ကော်၊ နိုဝင်ဘာ ၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရေကြီးရေလျှံမှုသဘာဝဘေးဖြစ်စဉ်တွင် ကူညီ/ ကယ်ဆယ်ရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများနှင့် ငွေ/ပစ္စည်းလှူဒါန်းထောက်ပံ့ခဲ့သူများ ဂုဏ်ပြုပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunter ဝန်ထမ်းများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က “လွိုင်ကော်မြို့ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့မှုတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများ၊ စေတနာတရားထက်သန်စွာဖြင့် ငွေ၊ ပစ္စည်းများ လှူဒါန်းခဲ့ကြသည့် စေတနာရှင်၊ အလှူရှင်များအား မှတ်တမ်းတင်ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့မှစ၍ လွိုင်ကော်မြို့အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်အတွင်း လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း၊ ၎င်းကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်းနှင့် ဝန်ထမ်းအစုအဖွဲ့များအပါအဝင် မြို့နေပြည်သူများအားလုံးက တက်ကြွစွာပါဝင်ကူညီခဲ့ကြောင်း၊ ရေများပြန်လည်ကျဆင်းသည့်အခါတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စုပေါင်းအားဖြင့် ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆက်လက်၍ ကျန်ရှိလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ခိုင်က ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက Volunter ဝန်ထမ်းများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သာသနာ့ဗိမာန်၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းများ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအတွက် ငွေ၊ ပစ္စည်းများ လှူဒါန်းခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment