ရန်ကုန်၊ နိုဝင်ဘာ ၂ဝ
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ငြမ်းစေတီတည်ဆောက်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၅ နာရီ ၃၁ မိနစ် က စေတီတော်ရင်ပြင် စနေထောင့်အရပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဂေါပကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ငြမ်းစေတီ တည် ဆောက်ရန်အတွက် နတ်ဒေဝါ များအား ဖိတ်ကြားတိုင်တည် ခွင့်တောင်းပြီး အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့် ပရိသတ်အပေါင်းတို့က ဘုရား ရှင်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး နတ်ဒေဝါများအား ပင့်ဖိတ်ပူဇော်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခွင့်ပြုပါရန် ခွင့်ပန်ဆုတောင်းခြင်း၊ ဘေးဥပဒ်အန္တရာယ်များ မကျရောက်အောင် စောင့်ရှောက်ပါရန် တိုင်တည်ဆုတောင်းခြင်းများကို ဆောင်ရွက်ကြပြီးအမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော် ကြသည်။
ထို့နောက် ငြမ်းစေတီတည်ဆောက်ရာတွင် အသုံးပြုမည့် ပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာ ပတိနှင့် ဂေါပကအဖွဲ့ဝင်များက အန္တရာယ်ကင်း ပရိတ်ရေများ ပက်ဖျန်းပေးကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဆန်းကျော်ဦး
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment