၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၁၅ တွဲ ရောင်းချနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၁၅ တွဲ ရောင်းချနိုင်ခဲ့


နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂၀၂၄ ခုနုစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယမန်နေ့က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၈၅၁) မှ (၁၇၀၀)အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၆၁၅ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများ ဖွင့်ဖောက်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများစာရင်းကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ပေါင်း ၂၀၈ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု (အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ ကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၈၅၀ အနက် ကျောက်စိမ်းအတွဲ ၆၁၃ တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၈၅၀ အနက် ကျောက်စိမ်းအတွဲ ၆၁၅ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲပေါင်း ၃၁၀၀ ကို နိုဝင်ဘာ ၂၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြည်တွင်းပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)