ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




မြစ်ကြီးနား၊ နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော မြို့ပြစနစ်ဖြစ်ပေါ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်မြစ်ဆိပ်ရှိ ဧရာဝတီမြစ်ကမ်းပါး သဲသောင်ခုံတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ မြစ်ကမ်းပါး သဲသောင်ခုံပေါ်တွင် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လောကမာန်အောင်ဆုတောင်းပြည့်စေတီတော် မြစ်ဆိပ်မှ စီတာပူရပ်ကွက် မနောကွင်းအနီး အင်ဂျန်းခချောင်းဆုံနေရာအထိ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံများဖြစ်သည့် ဆီမုန်ညှင်းနှင့် ပန်းနှမ်းစိုက်ခင်းများအတွင်း အမှိုက်များ ကောက်ယူခြင်း၊ ကမ်းပါးရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြစ်ဆိပ်အဆင်းလမ်းများ ဖောက်လုပ်ခြင်းတို့ စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် မြို့အဓိက ရေဝင်ပေါက်နေရာတစ်ခုဖြစ်သည့် အင်ဂျန်းခချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့်နေရာတွင် ရေထိန်းတံခါးတည်ဆောက်နိုင်ရေး စက်ယန္တရားကြီးများဖြင့် ချောင်းရေစီးရေ လာကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်တူးဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အဆိုပါ နေရာတွင် အများပြည်သူအပန်းဖြေနေရာတစ်ခုအဖြစ် ပန်းနှမ်းစိုက်ခင်းများအကြား ဧရာဝတီရှုခင်းသာ နွေရာသီသဲသောင်ခုံ အပန်းဖြေစခန်းအဖြစ် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး အကြို မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အပန်းဖြေစခန်းတည်ဆောက်သွားမည့် လျာထားအကွက်ချမြေပုံဖြင့် လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုဇုန်ရပ်ကွက်၊ ဗလမင်းထင်တံတားသွားလမ်းပေါ်ရှိ ဗလမင်းထင်ဧက ၁၀၀ စံပြစိုက်ကွင်းအတွင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် သီးထပ်သီးနှံ တောင်သူအသိပညာပေး စိုက်ပျိုးပြသခြင်း သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ပြည်နယ်အစိုးရအဖွဲ့က မိုးစပါးစံပြစိုက်ခင်းအပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးရေလုံလောက်ရေး၊ ရေဝပ်ဧရိယာများ ရေစီးရေလာကောင်းမွန်ရေးနှင့် လယ်အဝင်အထွက်လမ်းများ ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ယခုအခါ မိုးစပါးရိတ်သိမ်းပြီး ရာသီချိန်အမီ သီးထပ်စိုက်ပျိုးစွမ်းအား (၂၀၀) ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားလာစေရေး၊ စားဆီဖူလုံမှု (၁၀၀) ရာခိုင်နှုန်းရရှိရေး ရိုးပြတ်မကျန် စိုက်ပျိုးဆောင်ရွက်သွားမည့် အစီအစဉ်အပေါ် ဒေသခံတောင်သူများ၊ ဌာနဆိုင်ရာများအားလုံးက အလေးအနက်ထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးနှင့် စိုက်ပျိုးရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်အပါအဝင် သွင်းအားစုများ လုံလောက်ပြည့်ဝအောင် ပံ့ပိုးသွားနိုင်ရေး စီမံဆောင်ရွက်ထားရှိသည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးက မိုးစပါးစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးမှု အခြေအနေများနှင့် သီးထပ်စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုး နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မိုးစပါးရိတ်သိမ်းအပြီး ထယ်ရေးဝင် နောက်ကျမှုမရှိစေရေးနှင့် ဆောင်းသီးထပ် အချိန်မီစိုက်ပျိုးနိုင်ရေး သီးထပ်စိုက်ပျိုးသရုပ်ပြသမှု အစီအစဉ်ဆောင်ရွက်ခြင်းအပေါ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက သီးထပ်စိုက်ပျိုးနိုင်ရေး ရေဝပ်တင်ကျန်သည့်ဧရိယာများပေါ်တွင် ထယ်ရေးဝင်မရမှုအပေါ် ပြုပြင်ဆောင်ရွက်နိုင်ရေး၊ လယ်အဝင်လမ်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မိုးစပါးစံပြကွက်အတွင်း ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံပြကွက်ရိတ်သိမ်းနေမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ရိတ်သိမ်းပြီး စံပြကွက်ပေါ်တွင် လယ်ထွန်စက်ဖြင့် ထွန်ယက်ပြီး ဆောင်းသီးထပ်ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ကြဲ စိုက်ပျိုး သရုပ်ပြခြင်းတို့ကို လည်းကောင်း မိုးစပါးစံပြကွက်ရိတ်သိမ်းမှုအပေါ် တစ်ဧက အထွက်နှုန်း တွက်ချက်မှုနှင့် စပါးအစိုထွက် ၁၂၅ တင်း ထွက်ရှိမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ရိုးရာကောက်သစ်စားပွဲ‌တော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး နှစ်စဉ် ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးပေါ်ချိန်တွင် ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပသည့် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသော ရိုးရာကောက်သစ်စားကျေးဇူးတော်ချီးမွမ်းပွဲကို ဓလေ့ထုံးစံမပျက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ လိုအပ်မှုမရှိစေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ရိုးရာကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းသုံးသပ်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်ခမ်းခမ်းနားနားဖြင့် ဓလေ့ထုံးစံနှင့်အညီ ကောက်ဦးကောက်သစ်ကို အတူတကွသုံးဆောင်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)