နေပြည်တော် နိုဝင်ဘာ ၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က နောင်ချို၊ လှိုင်သာယာ နှင့် ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၃ ရက်နေ့ ၁၄၀၀ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတွင် ဂမ်ဖန် နှင့် အောင်ထွန်းလင်း တို့အား မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၁,၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၄၃၂ သိန်း)၊ ဘိန်းဖြူ အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဂမ်ဖန်(၂၃)နှစ် နှင့် အောင်ထွန်းလင်း(၃၆)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ ၁၅၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ စိန်သရဖီ(၃)လမ်းနေ မခင်မာဝင်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၅၁၅ အချိန် အဆိုပါလမ်းနေ ခိုင်ဇော်လင်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျော်သီဟ အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မခင်မာဝင်း(၃၀)နှစ်၊ ခိုင်ဇော်လင်း(၂၄)နှစ် နှင့် ကျော်သီဟ(၅၁)နှစ်တို့အား လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ ၀၈ ၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကလောမြို့နယ်၊ မြင်းမထိကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ပြည့်ဖြိုးအောင် မောင်းနှင်ပြီး မောင်စိန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြည့်ဖြိုးအောင်(၂၉)နှစ် နှင့် မောင်စိန်(၃၃)နှစ်တို့အား ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment