ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကမ္ဘာလုံးဆိုင်ရာအသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေး ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကမ္ဘာလုံးဆိုင်ရာအသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေး ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ တက်ရောက်


 နေပြည်တော်၊ နိုဝင်ဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီး မစ္စတာဟွေကျင်းဖန်း၏ ဖိတ်ကြားချက်အရ ထျန်းကျန်းမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာအသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ - ၂၀၂၄ သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် Tiankai Higher Education Innovation Park သို့ သွားရောက်လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဟွေကျင်းဖန်း၊ ဒုတိယဝန်ကြီးများ၊ ထျန်းကျန်းမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံအသီးသီးမှ အကြီးအကဲများ၊ ပညာရေးဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကာ ပညာရေးဝန်ကြီးနှင့် ထျန်းကျန်းမြို့တော်ဝန်တို့ တည်ခင်းဧည့်ခံသည့် ကမ္ဘာ့သက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ-၂၀၂၄ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်းရှီးစီးပွားရေးနှင့် ကုန်သွယ်ရေးသက်မွေးပညာကျောင်း (Guangxi Economic and Trade Vocational Institute) ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထျန်းကျန်းအစိုးရအကူအညီဖြင့် ဖွင့်လှစ်လိုသည့် သင်တန်းကျောင်းနှင့်ပတ်သက်၍ အဆိုပြုလွှာများတင်ပြရေး၊ “အပ်ချုပ်လုပ်သားများ”၊ “အထည်ချုပ်ဒီဇိုင်း ဖန်တီးသူများ” ကဲ့သို့သော အဓိကဘာသာရပ်များအတွက် မြန်မာဘာသာပြန်စာအုပ်များ ထုတ်ဝေရေးအပါအဝင် ကွမ်းရှီးသင်တန်းကျောင်းမှ လာရောက်ကူညီပေးရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ - ၂၀၂၄ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ညီလာခံကို ပညာရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဟွေကျင်းဖန်းက ဦးဆောင်ကာ ထျန်းကျန်းမြို့ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ချန်မင်အယ်လ်၊ အမျိုးသားကွန်ဂရက်ကော်မတီ၏ ဒုဥက္ကဋ္ဌ မစ္စတာဝမ်သုန်မင် ၊ UNESCO အထွေထွေညီလာခံ၏ ဥက္ကဋ္ဌ မစ္စတာဆိုင်မွန်မာရေးရာမိုင်ကူးတို့ အပါအဝင် ညီလာခံတက်ရောက်ကြသည့် နိုင်ငံ ၃၂ နိုင်ငံမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များက မိတ်ဆက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ခေါင်းစဉ်(၆)ခုဖြင့် တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက TVET မှတစ်ဆင့် ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ခြင်းနှင့် သက်ဆိုင်သည့် အဓိကနယ်ပယ်(၃)ရပ်ဖြစ်သည့် ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်၍ လူငယ်လူရွယ်များအား ပျိုးထောင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ TVET မဟာဗျူဟာ၊ အမျိုးသား TVET မူဝါဒဖွံ့ဖြိုးတိုးတက်ရေးနှင့် TVET အဖွဲ့အစည်းများ၏ ဆန်းသစ်သော အလေ့အကျင့်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်သမားဈေးကွက်၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် စက်မှုကဏ္ဍနှင့် ပညာရေးကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ညီလာခံအတွင်း တစ်ချိန်တည်းကျင်းပနေသည့် အရည်အသွေးမြင့် အသက်မွေးဝမ်းကျောင်းပညာရေးသို့ မြှင့်တင်နိုင်မည့် လုပ်ငန်းခွင်နှင့် ပညာရေးပေါင်းစပ်ဆောင်ရွက်မှု (Industry-Education Integration Promoting High-Quality Vocational Education) ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင်ပါဝင်၍ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်ထားသော MSME အထောက်အကူပြုဘွဲ့၊ ဒီပလိုမာသင်တန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိဝန်ကြီးဌာန ၁၃ ခု နှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကာ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကျယ်ပြန့်စွာ ပံ့ပိုးပေးလျက်ရှိသည့်အခြေအနေကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့သက်မွေးပညာကောလိပ်အဆင့် ကျွမ်းကျင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အားပေးကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက တတိယဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ သက်မွေးပညာသင်ယူနေသည့် ကျောင်းသားအဖွဲ့ကို ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် ညီလာခံပိတ်ပွဲ အခမ်းအနားတက်ရောက်ခဲ့ကြပြီး ထျန်းကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်လေ့လာ၍ မြန်မာဘာသာစကား သင်တန်းတက်ရောက်နေသော ကျောင်းသား ကျောင်းသူများကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထျန်းကျန်းလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)