စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲ အခမ်းအနားကျင်းပ



ရန်ကုန်၊ နိုဝင်ဘာ ၂၅

Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၆၂) ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့်စက်မှုဇုန်(၂)၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် Global Good Pure Group ကုမ္ပဏီလီမိတက်စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်ဇော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Global Good Pure Group ကုမ္ပဏီလီမိတက်စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာတို့က စံချိန်ဆီစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက စံချိန်ဆီစက်ရုံကမ္ပည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စံချိန်ဆီစက်ရုံအတွင်း ထုတ်လုပ်ထားသည့်ဆီများ ပြသထားမှု၊ ဆီထုတ်လုပ်ပြီး ကုန်ကြမ်းများ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဆီထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုကြရာ စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားပြီး Global Good Pure Group ကုမ္ပဏီလီမိတက် စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာက ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့ ဖွင့်လှစ်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant)သည် မြန်မာနိုင်ငံတွင် မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်ကြိတ်ခွဲထုတ်လုပ်သော စက်ရုံကြီးတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံမှ တစ်ရက်ကြိတ်ခွဲနိုင်စွမ်းအားမှာ ဆီတန်ချိန် ၅၀ ဖြစ်ပြီး တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်ကြောင်း၊ ပြည်ပဆီတင်သွင်းမှုကို လျော့စေပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးတို့တွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)