လူမျိုးရေးမုန်းတီးမှုဖြင့် စစ်သုံ့ပန်းတွေကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ AA အကြမ်းဖက်အဖွဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမျိုးရေးမုန်းတီးမှုဖြင့် စစ်သုံ့ပန်းတွေကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ AA အကြမ်းဖက်အဖွဲ့


ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် ဂွမြို့ကို စစ်ကူလာတဲ့တပ်မ(၈၈)ကွပ်ကဲမှု အောက်ရှိ ခလရ ၈၃၊ ခမရ ၃၁၇၊ ခမရ ၄၁၅ နဲ့ ခမရ ၄၁၆ တို့အပြင် ဧရာဝတီတိုင်းအတွင်းက ခလရ ၁၈၊ ခလရ  ၅၁၊ ခလရ  ၆၃ ၊ ရန်ကုန်တိုင်းအတွင်းက ခမရ  ၅၃၂ စတဲ့ တပ်ရင်းတွေက စစ်ကြောင်းတွေကို AA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ၊ ကျဆုံးခဲ့တဲ့ သူတွေရဲ့ Dead Body တွေအပြင် စစ်သုံ့ပန်းအချို့ရဲ့ ရုပ်သံဖိုင်တွေကို AA အကြမ်းဖက်အဖွဲ့က သတင်း ဖော်ပြထားတာတွေ့ရပါတယ်။ AA အကြမ်းဖက်အဖွဲ့က ဖော်ပြထားတဲ့ရုပ်သံဖိုင်မှာ ဖမ်းဆီးခံထားရ တဲ့ စစ်သုံ့ပန်းတွေကို လက်ပြန်ကြိုးတုပ်ပြီး မြေပြင်မှာမှောက်လျက်နဲ့တွေ့လိုက်ရပါတယ်။ တချို့ သတင်းတွေအရ အဲဒီ စစ်သုံ့ပန်းတွေဟာ တပ်ရင်းတစ်ခုရဲ့တပ်ရင်းမှူး ဦးဆောင်တဲ့စစ်ကြောင်းက AA အကြမ်းဖက်အဖွဲ့ဆီမှာ လက်နက်ချအညံ့ခံခဲ့လို့ ဖမ်းဆီးထားတဲ့ သူတွေကို စစ်သုံ့ပန်းတွေအဖြစ် ဖော်ပြခဲ့တာလို့သိရပါတယ်။ အဲဒီတပ်ရင်းမှူးအညံ့ခံခဲ့တဲ့ တပ်ရင်းကပဲ ဒုတပ်ရင်းမှူးဦးဆောင်တဲ့ စစ်ကြောင်းတစ်ခုကတော့ အညံ့မခံဘဲ တိုက်ခိုက်ဖောက်ထွက်ခဲ့ပြီး အခြားစစ်ကြောင်းတွေနဲ့ အသက်ရှင်လျက် ပေါင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။  

အဲဒီသတင်းနဲ့ မရှေးမနှောင်းမှာပဲ အညံ့ခံခဲ့လို့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေကို AA အကြမ်းဖက် အဖွဲ့က ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြီဆိုတဲ့သတင်းကိုလည်း ကြားလိုက်ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဖမ်းဆီးခံရတာပဲဖြစ်ဖြစ်၊ အညံ့ခံတာပဲဖြစ်ဖြစ် စစ်သုံ့ပန်းတွေကို ဥပဒေမဲ့ သတ်ခွင့် မရှိဘူးဆိုတာ လူတိုင်းသိကြမှာပါ။

တကယ်ဆိုရင် စစ်သုံ့ပန်းတွေအပေါ် ဘယ်လိုပြုမူရမယ်ဆိုတဲ့ တရားဝင် စည်းမျဉ်းစည်းကမ်း တွေ၊ သတ်မှတ်ချက်တွေ ရှိနေပြီးသားပါ။ စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ပြုမူဆောင်ရွက်ရမယ့် တာဝန်ရှိသလို၊ လက်နက်ချအညံ့ခံထားတဲ့ရန်သူကို တိုက်ခိုက်သတ်ဖြတ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းရာမှာလည်း ညှဉ်းပန်းနှိပ်စက်ခြင်းကို လုံးဝတားမြစ်ထားပါတယ်။ စစ်ဆေးမေးမြန်းရာမှာ ၎င်းတို့၏ အမည်၊ အဆင့်အတန်း၊ မွေးရက်၊ ကိုယ်ပိုင်အမှတ်များနှင့် သက်ဆိုင်သော မေးခွန်းများကိုသာ မေးခွင့်ရှိပါတယ်။ ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်သုံ့ပန်းတွေကိုတောင် အပြစ်ပေးရာမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ အပြစ်ပေးမှုမျိုးမပြုလုပ်ရဘူးဆိုပြီး ဂျီနီဗာသဘောတူညီ ချက်မှာ တားမြစ်ထားတာဖြစ်ပါတယ်။ အခု စစ်သုံ့ပန်းတွေကို AA အကြမ်းဖက်အဖွဲ့က ဘာဥပဒေ၊ ဘာစည်းမျဉ်းစည်းကမ်းကိုမှ မလိုက်နာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီစစ်သုံ့ပန်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ နောက်ခံအကြောင်းအရင်းဟာ စစ်သုံ့ပန်းတွေက ဗမာတွေဖြစ်နေလို့ဆိုတဲ့အချက်နဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ စစ်မတိုက်ချင်တော့လို့ AA အကြမ်းဖက်အဖွဲ့ဆီမှာ လက်နက်ချမယ်ဆိုရင်တောင် AA အကြမ်းဖက် လက်ထဲရောက်သွားရင် လူမျိုးရေးမုန်းတီးမှုနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခံရမှာပဲ ဖြစ်ပါတယ်။ AA အကြမ်းဖက်အဖွဲ့ဟာ လူမျိုးရေးအစွန်းရောက်အောင် ရခိုင်လူမျိုးတွေကို ဝါဒမှိုင်းတိုက်ခဲ့ကြသလို၊ အခုဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်းမှာဆို ရခိုင်လူမျိုးမဟုတ်တဲ့ ဗမာတွေ၊ ချင်းတွေ၊ အခြားမျိုးနွယ်စု တွေနဲ့ ဘင်္ဂါလီတွေကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ အခြားလူမျိုးတွေ မနေနိုင်အောင်လည်း မောင်းထုတ်ခဲ့ကြတာ ကြောင့် ဗမာတွေ၊ ချင်းတွေနဲ့ ဘင်္ဂါလီတွေဟာ စစ်ရှောင်ဘဝနဲ့ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရပါ တယ်။ ဒီလုပ်ရပ်တွေဟာ AA အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။ 

ဒီလို လူမျိုးရေးအစွန်းရောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့ကြောင့် ပြည်တွင်းပြည်ပမှာရှိနေတဲ့ ရခိုင်လူမျိုးတွေဟာ အခြားလူမျိုးတွေရဲ့အလယ်မှာ မျက်နှာငယ်ရတဲ့ အဖြစ်မျိုးနဲ့ကြုံတွေ့နေကြတာဖြစ်ပါတယ်။ ဒါကြောင့် AA အကြမ်းဖက်အဖွဲ့အနေနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်တာ၊ လူမျိုးရေးအစွန်းရောက်ပြီး ရခိုင်ပြည်နယ်ကို အလုံးစုံပျက်စီးရေး လုပ်ဆောင်နေတာတွေကို အကြမ်းဖက်မှုမလိုလားတဲ့ ရခိုင်လူမျိုးတွေအပါအဝင် အားလုံးက ပြတ်ပြတ်သားသားနဲ့ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် သားတွေအနေနဲ့ကလည်း ဒီလိုလူမျိုးရေးအစွန်းရောက်နေတဲ့ AA အကြမ်းဖက်အဖွဲ့တွေဆီမှာ လက်နက်ချအညံ့ခံမယ်ဆိုရင် အသက်ရှင်နိုင်စရာလမ်းမရှိဘဲ လူမျိုးရေးမုန်းတီးမှုကြောင့် ရက်ရက် စက်စက် သတ်ဖြတ်တာ ခံရမယ်ဆိုတာကိုတော့ သတိပြုမိစေချင်ပါတယ်။


စောနွယ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)