Belt and Road တရုတ်-မြန်မာ မီဒီယာပူးပေါင်းရိုက်ကူးမှုအစီအစဉ်များ မိတ်ဆက်ခြင်းနှင့် China Walk အစီအစဉ် ပြသခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Belt and Road တရုတ်-မြန်မာ မီဒီယာပူးပေါင်းရိုက်ကူးမှုအစီအစဉ်များ မိတ်ဆက်ခြင်းနှင့် China Walk အစီအစဉ် ပြသခြင်းအခမ်းအနားကျင်းပ


ရန်ကုန်၊ ဒီဇင်ဘာ ၈

China Media Group (CMG)နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)တို့ ပူးပေါင်းကျင်းပသည့် Belt and Road တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာ ပူးပေါင်းရိုက်ကူးမှုအစီအစဉ်များ မိတ်ဆက်ခြင်း အခမ်းအနားနှင့် တရုတ်သို့ခြေဆန့်ခြင်း (China Walk) အစီအစဉ် စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ အလုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

ဦးစွာ Belt and Road တရုတ်-မြန်မာ မီဒီယာ ပူးပေါင်းရိုက်ကူးမှုအစီအစဉ်များ မိတ်ဆက်ခြင်းနှင့် China Walk အစီအစဉ်ကို မိတ်ဆက်ပြသသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ကာလများစွာ ကြာရှည်ခဲ့ပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုအစဉ်အလာကောင်းများရှိခဲ့ကြောင်း၊ အလားတူ မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနသည်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမီဒီယာများဖြစ်သည့် CMG, CCTV, CRI, ကွမ်ရှီးတီဗွီ, YMG, ဆင်ဟွာ စသည့် သတင်းဌာနများနှင့် ရုပ်သံဇာတ်လမ်းတွဲများ အပြန်အလှန်ထုတ်လွှင့်ပြသခြင်းအစီအစဉ်များ ပူးပေါင်းရိုက်ကူးခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံအကြား ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသခြင်းကို ပိုမို‌ဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံပြည်သူများ အချင်းချင်းနားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေမည်ဖြစ်ကြောင်း၊ ယခု CMG နှင့် MRTV တို့ ပူးပေါင်းပြီး ‘စိမ်းလန်းတဲ့စိုက်ခင်းကမ္ဘာ’ စိုက်ပျိုးရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွဲအသစ်ရိုက်ကူးရေးကို ယခုပွဲတွင် ဆွေးနွေးကြမည်ဖြစ်၍ ကြိုဆိုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor ဖြစ်သူ Mr.Zheng Zhihong က နှုတ်ခွန်းဆက်စကားပြောကြားပြီး တရုတ်-မြန်မာ မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ China Media Group(CMG)တို့က ရိုက်ကူးရေးအတွေ့အကြုံများကို ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ ‘တရုတ်သို့ခြေဆန့်ခြင်း’ (China Walk)အစီအစဉ်အဖြစ် ‘အမှတ်တရ ယူနန်လက်ဖက်ရွာ’၊ ‘လှပကောင်းမွန်သော နယ်စပ်ခရီးစဉ်’၊ ‘မမေ့နိုင်တဲ့ဟိုင်နန်’၊ ‘စိမ်းလန်းတဲ့ စိုက်ခင်းများဆီသို့’၊ ‘အိမ်သို့စာတစ်စောင်’ စသည့် မှတ်တမ်းဗီဒီယိုများကိုပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)