သထုံ၊ ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နောင်ကုလားရှမ်းရွာ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များအတွက် အရေးအကြီးဆုံးအချိန်၊ အရေးအကြီးဆုံးသောလူနှင့် အရေးအကြီးဆုံးအလုပ်တို့ကို ရွေးချယ်တတ်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှုကြရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်စေရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေးစသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment