ရန်ကုန်၊ ဒီဇင်ဘာ ၂၀
အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၈)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အခြေခံပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများအပြင် နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်မှုရရှိပြီး ယုံကြည်ချက်၊ ခံယူချက်စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း ဆရာ ဆရာမများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆတက်ထမ်းပိုးကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၈)သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၃၆၃ ဦး စုစုပေါင်း ၃၉၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင် ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ရက်သတ္တ ငါးပတ်ကြာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment