စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စီစစ်ညှိနှိုင်းရေးအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စီစစ်ညှိနှိုင်းရေးအစည်းအဝေးတက်ရောက်



 မုံရွာ၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စီစစ်ညှိနှိုင်းရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အလျင်အမြန်အထောက်အကူပြုသည့် အသုံးစရိတ်များကိုသာလျာထားနိုင်ရေး ဂရုပြုစီစစ်ဆောင်ရွက်ရသွားမည်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေများအား သုံးစွဲသည့်အခါ လေလွင့်မှုမရှိစေဘဲ အကျိုးရှိရှိထိရောက်စွာ သုံးစွဲသွားကြရန် လိုအပ်ပါကြောင်း၊ အသုံးစရိတ်များအား လျာထားရေးဆွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ထုတ်ပြန်ချက်အပေါ် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ လျာထားတင်ပြမည့် ငွေလုံးငွေရင်းအသုံးစရိတ်များကိုလည်း ပြည်ထောင်စုမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မိမိတို့တိုင်းဒေသကြီးမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ မထပ်စေရန်လည်း အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဖွံ့ဖြိုးမှုအား အထောက်အကူပြုပြီး နိုင်ငံတော်၏ ဦးစားပေးမူဝါဒများနှင့် ကိုက်ညီသည့် လုပ်ငန်း၊ စီမံကိန်းများအား ရေးဆွဲတင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒ၊ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များအား စွမ်းဆောင်ရည်ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများအား ရရှိနိုင်မည့် ရငွေနှင့် သုံးစွဲနိုင်မည့် အသုံးစရိတ်များကိုသာ လျာထားရေးဆွဲသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်များဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း/လုပ်ငန်းများ လျာထားချက်အပေါ် ပထမစီစစ်ချက်အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများနှင့် ပတ်သက်၍ မိမိတို့ဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာန၊အဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စီစစ်ညှိနှိုင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)