နေပြည်တော်၊ ဒီဇင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယမန်နေ့က ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ နယ်မြေခံ သင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသား များအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားရာ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် ရဲ (၃) ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည်ဖြစ်ကြောင်း ထည့်သွင်း မှာကြားသွားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံတစ်နိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့်အခြေအနေ များ၊ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတိုင်းတွင် မိမိနိုင်ငံကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည့်အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် သတ်မှတ် ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်သူများကိုသာ စနစ်တကျရွေးချယ် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ သင်တန်းမှလေ့ကျင့်သင်ကြားပေးထားသည့် စစ် အတတ်ပညာများကို လက်တွေ့စစ်မြေပြင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်အခြေအနေများ၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်၊ စိတ်ဓာတ် ကောင်းမွန်ရန်နှင့် ကျန်းမာကြံ့ခိုင်မှုရှိအောင် နေထိုင်သွားကြရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကား ပြောကြားရာတွင် စစ်သည်များ သည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင်ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆိုထားသည့် တပ်မတော်သားများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်၊ မိမိ ရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိရန်၊ မိမိမိသားစုများအပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းသည် ပေးအပ်သည့်တာဝန်များအပေါ် ကျေပွန်စွာ အောင်မြင်စွာထမ်းဆောင်ခြင်း ပင်ဖြစ်ကြောင်း၊ မိမိရဲဘော်များအပေါ် သစ္စာစောင့်သိခြင်းသည် ရဲဘော်စိတ်ဖြစ်သည့် ရဲဘော် အချင်းချင်းအပေါ်တွင် ထားရှိသည့် မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်ကြောင်း၊ မိသားစုအပေါ် သစ္စာစောင့်သိခြင်းမှာ မိမိကြောင့် မိမိ မိသားစုဂုဏ်သိက္ခာမကျအောင်၊ မိမိကြောင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိအောင် ပြုမှုဆက်ဆံနေထိုင်ခြင်းပင်ဖြစ်ကြောင်း။
တပ်မတော်သားအဖြစ် ခံယူထားပြီးဖြစ်သည့်သူများသည် နိုင်ငံတော်နှင့် တပ်မတော်တာဝန် များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်း ရရှိပိုင်ဆိုင်ထားသည့်ဂုဏ်သိက္ခာကို မကျဆင်းအောင်၊ မဆုံးရှုံးအောင် တပ်မတော် သားတစ်ဦး၏ ကျင့်ဝတ်စည်းကမ်းများကို အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း။
တပ်မတော်သားတစ်ဦးဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထို့ပြင် လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ် အတတ်ပညာများကိုလည်း အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမည်ဆိုသည့် မြဲ (၃) မြဲနှင့်အညီ အမြဲမပြတ် လေ့လာလေ့ကျင့်လိုက်နာ သွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် ရဲ (၃) ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့ပြီး သင်တန်းဆင်းနိုင်ငံ့သားကောင်းများအနေဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြကြောင်း၊ အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများအနက်မှ အချိန်တိုအတွင်း နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ကြသည်ကိုလည်း ဂုဏ်ယူဖွယ်ရာ တွေ့ရှိရကြောင်း။
သင်တန်း ဆင်းပြီးနောက် သက်ဆိုင်ရာတပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင် ကြရာတွင်လည်း သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့အသုံးချသွားကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း လိုက်နာသွားကြရမည် ဖြစ်ကြောင်း၊ တာဝန်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သင်ကြားတတ်မြောက်ထားသည့် စစ်ပညာများကို အပြည့်အဝအသုံးချသွားကြရန်လိုကြောင်း။
အလွှာပေါင်းစုံမှ ဝင်ရောက်တာဝန်ထမ်းဆောင်လာကြသူများဖြစ်သော်လည်း ယခုအခါ တူညီ သော ယူနီဖောင်းကို ဝတ်ဆင်၍ သင်တန်းကျောင်းများအလိုက် အရောင်အသွေးတူ၊ အတွေးအမြင်၊ ယုံကြည်ချက်၊ ခံယူချက်တူညီအောင် လေ့ကျင့်ပေးလိုက်ပြီဖြစ်၍ တပ်မတော်သားဘဝကိုဂုဏ်ယူ စွာဖြင့် ပေးအပ်လာသည့် မည်သည့်တာဝန်မျိုးကိုမဆို ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံတော် နှင့် တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းရတနာများ၊ မိသားစုက လေးစား တန်ဖိုးထားရသည့် သူရဲကောင်းများအဖြစ် ကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု၍ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသပေးထားမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများအား ရင်းရင်းနှီးနှီး လိုက်လံမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ရဲမေ၊ မိသားစုဝင်များကို အိမ်ထောင်သည်လိုင်းခန်းများအလိုက် ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက် အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်းနှင့် မူကြိုကလေးငယ်များအတွက် အာဟာရဖြည့် ဖြည့်စွက်စာများ တိုက်ကျွေးနိုင်ရန် ချီးမြှင့်ငွေများ ပေးအပ်သည်။
အလားတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများသည် သက်ဆိုင်ရာကွပ်ကဲမှုအလိုက် တပ်ရင်း/ တပ်ဖွဲ့များသို့ လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင် များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment