နေပြည်တော်၊ ဒီဇင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ ဇေယျာသီရိခရိုင်တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါရုံးနေရာ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယမြို့တော်ဝန်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းဒေသကြီး တရားရေးဦးစီးမှူးတို့ တက်ရောက်ကြသည်။
အဆောက်အဦသစ်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထိန်လင်းဦးနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ဇေယျာသီရိခရိုင် တရားရုံးအဆောက်အဦသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယမြို့တော်ဝန်နှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ဇေယျာသီရိခရိုင်တရားရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ဇွဲမာန်ဟုန်ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်ကိုက အဆောက်အဦသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရုံးအဆောက်အဦသစ်တည်ဆောက်မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဇေယျာသီရိခရိုင် တရားရုံးအဆောက်အဦသစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ဇွဲမာန်ဟုန်ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်ကိုက ဇေယျာသီရိခရိုင် တရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်ပြီး ဇေယျာသီရိခရိုင်တရားသူကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဇေယျာသီရိခရိုင် တရားရုံးသည် ပုဗ္ဗသီရိမြို့နယ် ချင်းတွင်းလမ်းပေါ်တွင်တည်ရှိပြီး အလျား ပေ ၂၀၀၊ အနံပေ ၁၄၀ အကျယ်အဝန်းရှိသည့် သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဘဏ္ဍာရန်ပုံငွေကျပ် ၃၆၇၅ သန်းဖြင့် ဇွဲမာန်ဟုန်ကုမ္ပဏီလီမိတက်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment