သထုံမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ







သထုံ၊ ဒီဇင်ဘာ ၃၀

ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ ကျရောက်သည့် ကရင်နှစ်သစ်ကူး‌ပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသားခန်းမ၌ ယနေ့ နံနက်က မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

နှစ်သစ်ကူးပွဲ‌တော်ကျင်းပရာတွင် ရှေးဦးစွာ နံနက်အရုဏ်တက်အချိန်၌ သံယာတော်များအား ဆွမ်းဆက်ကပ်ပြီး တရားနာယူခြင်း၊ တက်ရောက်‌လာကြသည့် တိုင်းရင်းသားများစုပေါင်းကာ ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ သထုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြခြင်း၊ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် သထုံမြို့နယ်၏ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မုခ်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးစောစံတင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ကျေးရွာအလိုက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

အဆိုပါနှစ်သစ်ကူးပွဲတော်ကျင်းပရာသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကရင်၊ ပအိုဝ်း၊ မွန်တိုင်းရင်းသားများ တက်ရောက်အားပေးခဲ့ကြပြီး ပွဲတော်လာရောက်ကြသူတို့အား စတုဒိသာအာဟာရ များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ကရင်တိုင်းသား စုစုပေါင်း ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပခြင်းမှာ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများ ချမှတ်ထားသည့် ရိုးရာဓလေ့များကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း မြို့နယ်အဆင့် ကျင်းပသည့်အပြင် ကျေးရွာအသီးသီး၌လည်း နှစ်သစ်ကူးပျော်ပွဲရွှင်များကို ကျင်းပကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)