နေပြည်တော်၊ ဒီဇင်ဘာ ၁၀
(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ကျင်းပပြုလုပ်ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားစဉ်တွင် "ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ထည့်သွင်း ပြောကြားသွားခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့သည် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ကြေညာခဲ့သည့် (၇၆) နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ကြောင်း၊ ယင်းနေ့ကို ဂုဏ်ပြုသတ်မှတ်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့သည်လည်း (၇၆) နှစ်မြောက် အခါသမယကို ရောက်ရှိလာပြီဖြစ်ကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ လွတ်လပ်ရေးရပြီး ယင်းနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုထုတ်ပြန်ခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ကို အတည်ပြုနိုင်ရေး မြန်မာနိုင်ငံကထောက်ခံမဲပေးခဲ့ကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၆ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ကြပြီး (၂) နှစ်အကြာ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့၌ အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထောက်ခံအတည်ပြုခဲ့ရုံသာမက နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကို ထည့်သွင်းဖော်ပြထားကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အရေးကြီးသည့်လူ့အခွင့်အရေးစံများကို လိုက်လျောညီထွေစွာ ထည့်သွင်းပြဋ္ဌာန်းပေးထားသည်ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းတွင်လည်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းဟူသည့် လူ့အခွင့်အရေးစံများ ဖော်ညွှန်းပါဝင်သည်ကိုတွေ့နိုင်ကြောင်း၊ ယင်းအချက်များသည် မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အသိအမှတ်ပြုအလေးထားသော ထင်ရှားသည့်ဝိသေသလက္ခဏာများဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းရင်းသားပြည်သူများအကြား လူ့အခွင့်အရေးများကို ရရှိခံစားစောင့်ထိန်းလိုက်နာကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးသဘောတူစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ထားပြီး နိုင်ငံအဆင့် အစီရင်ခံစာများတင်သွင်းခြင်းနှင့် ကမ္ဘာ့နိုင်ငံအားလုံး၏လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review UPR) တို့တွင် ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း။
ထို့အပြင် နိုင်ငံသားများ၏လူ့အခွင့်အရေး ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်းတည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း လူ့အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ်ခြင်းတို့ကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထွက်ပေါ်လာစေရေး ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့်လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
ပြည်သူအားလုံးကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ ရှေ့ဆက်လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေအောင်မြင်စွာကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့်လူ့အခွင့်အရေးများကို ပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ချိုးဖောက်နေကြခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးရရှိရန်နှင့် အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ကြရန်အတွက် စည်းလုံးညီညွတ်ကြပြီး အဖျက်အမှောင့်လုပ်ရပ်များကို တိုင်းရင်းသားပြည်သူအားလုံးက လက်တွဲဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး နေ့အတွက်ကုလသမဂ္ဂ၏ဆောင်ပုဒ်မှာ "Our Rights, Our Future, Right Now." “တို့အခွင့်အရေး၊ တို့အနာဂတ်၊ ယခုကစလို့ ဆောင်ကြဉ်းအပ်” ဖြစ်ကြောင်း၊ လူ့အခွင့်အရေးများကို စည်းကမ်းစနစ်နှင့်အညီ လိုက်နာကျင့်သုံးကြခြင်းဖြင့် ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ဖန်တီးတည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီးတွင် မငြိမ်သက်မှုနှင့် ပဋိပက္ခများအပါအဝင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေကြရကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားလွန်မြောက်ရန်နှင့် ငြိမ်းချမ်းသာယာဝပြောပြီး တရားဥပဒေစိုးမိုးသည့် လောကတည်ဆောက်ရန်အတွက် စည်းကမ်းစနစ်ကျနမှုရှိသည့် လူ့အခွင့်အရေးလိုက်နာဆောင်ရွက်မှုများက ပံ့ပိုးဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ တန်းတူညီမျှမှုမရှိသည့်၊ ခွဲခြားဆက်ဆံသည့် စနစ်ပုံစံများသည် လူ့အခွင့်အရေးစံများနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း။
တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးပျက်ပြားစေသည့် အမုန်းစကားများ၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို တန်ပြန်ဖယ်ရှားပြီး မျှတမှန်ကန်မှုရှိသည့်၊ စည်းစနစ်ကျသည့်အခွင့်အရေးများကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဖော်ဆောင်မှသာလျင် လူ့အခွင့်အရေးဆိုသည်မှာ ငြိမ်းချမ်းပြီးတန်းတူညီမျှသည့် ကမ္ဘာကြီးအတွက် အခြေခံကျသည့်ခွန်အားအဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ပါအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး လူ့အခွင့်အရေးစံနှုန်းမြင့်မားသည့် နိုင်ငံဖြစ်လာရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်းက ကုသလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် Video Clip ကိုကြည့်ရှုကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်ဥက္ကဋ္ဌက (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်တံဆိပ်အား ဂါရဝပြုပေးအပ်သည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက လူ့အခွင့်အရေးကော်မရှင်သီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment