ပဲခူး၊ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံ မှ မြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာသီအလိုက်ပွဲတော်များ၊ အထင်ကရ ဘာသာရေးပွဲတော်များ၊ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ၊ ခရီးစဉ်ဒေသလိုက် လာရောက် လည်ပတ်ရန်နေရာ၊ တည်းခိုရန်နေ၊ စားသောက်ရန်နေရာနှင့် ညဈေးစသည်တို့ကို ပြည်တွင်း/ပြည်ပ ခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး Progream အသစ်များ ထပ်မံရိုက်ကူး၍ နိုင်ငံပိုင်ရုပ်သံနှင့် Socila Media တို့တွင် လွှင့်တင်ခြင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ထုတ်ခြင်း နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့တွင် ဘုရင့်နောင်မင်းတရားကြီး၏ ဆင်ကျုံးဖော်ထုတ်ခြင်း၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မဟာစေတီတော်ကြီး တည်ထားတော်မူစဉ်က ဘုရင့်နောင်မင်းတရားကြီး ခေတ္တနန်းစိုက်ခဲ့သည့် နန်းတော်ကုန်းပြန်လည်ဖော်ထုတ်ခြင်းတို့အား ဆောင် ရွက်လျက်ရှိသလို တောင်ငူမြို့တွင်လည်း မြောက်ဘက်မြို့ရိုးပြန်လည်ဖော်ထုတ်ခြင်းနှင့် မြို့တံခါးပေါက် များနှင့် ရှေးဟောင်းကျုံးကူးတံတားအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ခရီးသွား ဧည့်လမ်းညွှန်များနှင့် ခရီးသွားကုမ္ပဏီများသိရှိစေရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ရေး မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာနိုင်ရေး၊ ပန်းခြံများနှင့် Public Toilet များ အစဉ်အမြဲသန့်ရှင်းစေရေး ဆောင်ရွက်ထား ရမှာဖြစ်ပြီး တည်းခိုရန် ဟိုတယ်/မိုတယ်များတွင် အစားအစာ သန့်ရှင်းကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှု ကောင်းမွန်ပြည့်စုံစေရေး ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းသည် ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ချိတ်ဆက်နေသည့်လုပ်ငန်းတစ်ခုဖြစ်ကာ ခရီးသွားများ အဆင်ပြေချောမွေ့မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု၊ စိတ်ကျေနပ်မှုစသည်တို့ကို ဖြည့်ဆည်းပေးခြင်းဖြင့် ဒေသ ၏ ခရီးသွားလုပ်ငန်း အောင်မြင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံက ဟိုတယ်လုပ်ငန်း သက်တမ်းတိုးခြင်း၊ တည်းခိုရိပ်သာသက်တမ်းတိုးခြင်းနှင့် ဧည့်လမ်းညွှန်သက်တမ်းတိုးခြင်း အမှုတွဲများ အား သက်ဆိုင်ရာထောက်ခံချက်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းခြင်းနှင့် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းအမှုတွဲ တစ်ခုချင်းအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပြည်တွင်းခရီးသွား (၃၉၉၆၃၇)ဦး၊ ပြည်ပခရီးသွား(၆၃၂၉)ဦးဝင်ရောက်ခဲ့ပြီး ငွေကျပ်(၄၉၀၉.၃၄)သန်းရရှိခဲ့၍ ကာလတူနှိုင်းယှဉ် ချက်အရ ပြည်တွင်းခရီးသွား(၁၃၇၅၁)ဦးနှင့် ဝင်ငွေကျပ်(၆၅၁.၂၅)သန်း ပိုမိုတိုးတက်ခဲ့ကြောင်း သတင်း ရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment