နေပြည်တော်၊ ဒီဇင်ဘာ ၂၈
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (ပုဂ္ဂလိက) ဖြင့် ဆောင်ရွက်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိ ရေးသရုပ်ပြစီမံကိန်း ပြီးမြောက် အောင်မြင်ခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အောင်သာကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စီမံကိန်းတွင် ပေ ၅၀၀ အနက်တွင်ရှိသည့် မြေအောက် ရေကိုရယူပြီး ရေစစ်ကန်အတွင်း ဖြတ်သန်းသန့်စင်ကာ အမြင့်တင်ရေစင်ဖြင့် ကျေးရွာအတွင်း သန့်ရှင်းသော သောက်သုံးရေဖြန့်ဖြူးသည့်စနစ်ကို တည်ဆောက်ထားခြင်းကြောင့် ကျေးရွာရှိ အိမ်ခြေ ၄၃၀ ၊ လူဦးရေ ၁၈၇၂ ဦးနှင့် ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းများကို အကျိုးပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ကျေးရွာရေရရှိရေး လုပ်ငန်းပုံမှန်လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးတို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ လိုအပ်သည့် အစီအမံ များ၊ ရန်ပုံငွေကောက်ခံရေးအစီအမံများကို ရေးဆွဲဆောင်ရွက်ကြရန် ထပ်လောင်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ စီးပွားရေး သံမှူး Mr. Ouyang Daobing က တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ ကိုလည်းကောင်း ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် SPIC (Myanmar) Zero Carbon Energy ကုမ္ပဏီမှ ဥက္ကဋ္ဌက စီမံကိန်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြပြီး ကျေးရွာကိုယ်စားလှယ်ထံ စီမံကိန်းဆိုင်ရာ အချက်အလက်များ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ကိုယ်စားလှယ်၊ နေပြည်တော်ကောင်စီဝင်၊ SPIC (Myanmar) Zero Carbon Energy ကုမ္ပဏီမှ ဥက္ကဋ္ဌတို့က စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အမြင့်တင်ရေစင်၊ ရေသန့်စက်ရုံတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်တို့က ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များပက်ဖျန်းပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment