သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

 


ချစ်ခင်လေးစားအပ်ပါသော ထားဝယ်တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-


ယနေ့ ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်နေ့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားတွင် ထားဝယ်တိုင်းရင်းသားများနှင့် တကွ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


၂၀၁၇ ခုနှစ်မှစတင်၍ နှစ်စဉ် နတ်တော်လဆန်း(၁)ရက်နေ့တွင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ၏   ဦးဆောင်မှုဖြင့်  ထားဝယ်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်မှာ ယခုအခါ သတ္တမအကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ထိုကဲ့သို့ ထားဝယ်လူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို ဖော်ပြခွင့်ရသည့် အမျိုးသားနေ့အခမ်းအနားတွင် မိမိအနေဖြင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေး ပို့ခွင့်ရသည့်အတွက်လည်း များစွာဂုဏ်ယူမိပါသည်။  


မြန်မာနိုင်ငံတွင်  ထားဝယ်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ကိုလိုနီနယ်ချဲ့တို့လက်အောက် ကျရောက်ခဲ့ချိန်တွင်လည်း ထားဝယ်တိုင်းရင်းသားတို့အနေဖြင့် အခြားသောမျိုးချစ်တိုင်းရင်းသားများနှင့်အတူ နယ်ချဲ့တို့အား ဆန့်ကျင်တော်လှန်ခဲ့ခြင်းဖြင့်   ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစွာ တည်ရှိမှုကို  သက်သေပြသနိုင်ခဲ့ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်း ထားဝယ်လူမျိုးတို့၏ နိုင်ငံတော်လွတ်လပ်ရေးရရှိရန်အတွက် စွန့်လွှတ်အနစ်နာခံစိတ်များဖြင့် အခြားသောမျိုးချစ်တိုင်းရင်းသားများနှင့်အတူ အသက်ခန္ဓာကိုမငဲ့ကွက်ဘဲ ပါဝင်တိုက်ပွဲဝင်ခြင်းဖြင့် ပြည်ထောင်စုသားများ၏ သွေးချင်းနီးစပ်မှုကို ပြသနိုင်ခဲ့ပြီးဖြစ်ပါသည်။ ရှေးဘိုးဘွားတို့ ထားရစ်ခဲ့သည့် လွတ်လပ်ရေးအမွေကို ထပ်မံမဆုံးရှုံးစေရေးအတွက် ထားဝယ်လူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးတို့က တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊  စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်များ ထက်သန်နေအောင် တည်ဆောက်နေကြရမည်ဖြစ်ပါသည်။


ထားဝယ်တိုင်းရင်းသားတို့ အနေဖြင့်လည်း အခြားသော မြန်မာတိုင်းရင်းသားတို့နည်းတူ  ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုတွင် တူညီမှုရှိပါသည်။ ထိုဗုဒ္ဓဘာသာကိုအခြေခံသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း ထားဝယ်လူမျိုးတို့အနေဖြင့် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ကို   ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရပါသည်။ ထိုကဲ့သို့ ထားဝယ်တိုင်းရင်းသားတို့၏ ယဉ်ကျေးသိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာတည်သရွေ့တည်ရှိနေအောင်    လက်ဆင့်ကမ်း ကာကွယ်စောင့်ရှောက်ကြရန် လိုပါသည်။ 


ထားဝယ်ဒေသသည် မြန်မာနိုင်ငံတောင်ပိုင်းတွင်တည်ရှိပြီး ပင်လယ်ကမ်းရိုးတန်းနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများပေါကြွယ်ဝသည်ကို တွေ့ရှိရပါသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများနှင့် အခွင့်အလမ်းကောင်းများဖြင့်ပြည့်စုံသည့်ဒေသဖြစ်ပါသည်။ ထားဝယ်ဒေသသည် အခြားဒေသများနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ကုန်းလမ်း၊ ရေလမ်းများဆုံရာနေရာတွင် တည်ရှိပါသည်။ ထိုကဲ့သို့ စီးပွားရေးအရ အချက်အချာကျသည့်နေရာဖြစ်ခြင်းကြောင့်လည်း တစ်နှစ်ထက်တစ်နှစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပြီး မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုသည့်ဒေသအဖြစ် တည်ရှိနေပါသည်။


ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်သည်လည်း မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ခြင်းကြောင့် ဒေသခံထားဝယ်လူမျိုးတို့မှ လုပ်ငန်းတိုးတက်အောင်မြင်မှု ရှိအောင် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုပါသည်။


ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေသကဲ့သို့   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ကောင်းမွန်လာစေရေးအတွက် အခြေခံအုတ်မြစ်များ ခိုင်မာစေရေး  အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထားဝယ်တိုင်းရင်းသားတို့ အနေဖြင့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို  အားပေးထောက်ခံပြီး ပြည်ထောင်စုအကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးနေသည်ကို တွေ့ရှိရပါသည်။ ထားဝယ်လူမျိုးတို့အနေဖြင့်  ထားဝယ်ဒေသရှိ  စီးပွားရေးဆိုင်ရာအခွင့်အလမ်းကောင်းများကို အခြေပြုပြီး   ပြည်ထောင်စုတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားအကောင်အထည်ဖော် သွားရမည် ဖြစ်ပါသည်။


ထားဝယ်လူမျိုးတို့အနေဖြင့်  သမိုင်းစဉ်ဆက်ဂုဏ်ယူဖွယ်ရာ ကောင်းမွန်ခဲ့သည့် သမိုင်းမှတ်တမ်းများကို ဆက်လက်ထိန်းသိမ်းပြီး မှတ်ကျောက်တင်ခံနိုင်မည့် သမိုင်းအသစ်များကို ဆက်လက်ရေးထိုးကြရမည် ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံ၍ ထားဝယ်ဒေသရှိ ရှိရင်းစွဲ အရင်းအမြစ်များကို မှန်ကန်စွာအသုံးချပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်၍ ထားဝယ်လူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်ရင်း ထားဝယ်အမျိုးသားနေ့ကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။


                   ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

                   သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

                   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ

                   နိုင်ငံတော်ဝန်ကြီးချုပ်


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)