(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


ရန်ကုန်၊ ဒီဇင်ဘာ ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော တိပိဋကဓရ တိပိဋက ကောဝိဒသြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဒုတိယဥက္ကဋ္ဌဆရာတော် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန် စာသင်တိုက်ပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သာရဏီယဩဝါဒကထာကို မိန့်ကြားတော်မူသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ဗုဒ္ဓသာသနာရောက်ရှိချိန်မှစ၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ပိဋကတ်ကျမ်းစာများ၊ ပုဒ်၊ ပါဌ်၊ အက္ခရာမှစ၍ မချွတ်ယွင်းမတိမ်းပါးအောင် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ယနေ့မျက်မှောက် ခေတ်ကာလတိုင်အောင်ဖြစ်ပါကြောင်း၊ ပရိယတ္တိဝန်ဆောင်ဆရာတော်များ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သလို ပရိယတ္တိအရာမှာလည်း ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများ ပေါ်ထွန်းခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံအာဂုံဆောင်နိုင်သော သာသနာ့အာဇာနည် အရှင်မြတ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းနေသောကြောင့် မြန်မာနိုင်ငံသာသနာသည် ကမ္ဘာ့အလယ်တွင် တင့်တယ်ဝင့်ထည်လျက်ရှိပါကြောင်း လျှောက်ထားသည်။

ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များ၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး ဩဝါဒါစရိယဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များနှင့် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲဝင်ရောက် ဖြေဆိုကြမည့် သံဃာတော်များအား အလှူရှင်များက အလှူငွေကျပ် ၉၁၄၀၀၀၀၀ ကိုလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က အဋ္ဌကထာကျမ်းစာအုပ်များကို တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး ဩဝါဒါစရိယဆရာတော်များနှင့် ကြီးကြပ်ရေး ဆရာတော်များထံ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်း၊ မဟာနာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသအရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲအာဂုံပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး တိပိဋက ဓရတိပိဋကကောဝိဒသြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဆက်ကပ်လှူဒါန်းသည့်နေ့ဆွမ်းကို တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာ တော်များ၊ စာထောက်စာမဆရာ တော်များ၊ စာပြန်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ ၄၆၂ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)