နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနား တက်ရောက်




စစ်တွေ  , ဒီဇင်ဘာ ၁၆


နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမ ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါ်နုမြဇံ၊ ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဂုဏ်ထူးဆောင်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံရသူ များတက်ရောက်ကြသည်။


ဦးစွာ နှစ်(၅၀)ပြည့်ရွှေရတု ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ရက္ခပူရတေးဂီတအဖွဲ့၏ “ရွှေရတုချိန်ခါ ရခိုင်ပြည်နယ်ပါ” တေးသီချင်းဖြင့် တီးခတ်သီဆိုဖျော်ဖြေပြီး ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဖတ်ကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်နေ့မိန်းခွန်း ပြောကြားရာတွင် ရခိုင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံ၊ နိုင်ငံတော်အကြီးအကဲမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်စီမံဆောင်ရွက်ပေးမှုအခြေအနေများ၊ ဘာသာသာသနာထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများ၊ နိုင်ငံတော်မှချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်များ၊ နိုင်ငံရေးရည်မှန်းချက်များအောင်မြင်စေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်သုံးဆီ၊ ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများပို့ဆောင်ပေးနေမှု၊ ပညာရေးကဏ္ဍတွင် ရခိုင်ပြည်နယ်မှ ဘာသာစုံဂုဏ်ထူးဖြင့် သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသည့် ကျောင်းသားအပါအဝင် ဘာသာစုံဂုဏ်ထူးရှင်များ၊ ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ၊ ၂ ဘာသာနှင့် ၁ ဘာသာဂုဏ်ထူးရှင်များပေါ်ထွက်ကာ ရခိုင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့မှု၊ ကျန်းမာရေးကဏ္ဍတွင်လည်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များနှင့် သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်ရိက္ခာနှင့် အင်အားဖြည့် အစားအသောက်များ ပေးအပ်ခဲ့မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြည့်စုံစွာပြောကြားသည်။


ဆက်လက်၍ နှစ်(၅၀)ပြည့်ရွှေရတုရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ မှတ်တမ်းဗီဒီယိုကိုပြသပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွက် ပေးအပ်သည့် 50 W ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လက်ခံရယူသည်။


ထို့နောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာဆု ရရှိသူများအား ဆုတံဆိပ်များချီးမြှင့်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သော ဒေါက်တာဘရွှေနှင့် ဒေါက်တာမှုထန်တို့က ပြည်နယ်စီမံထူးချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်စက်မှုစီးပွားထူးချွန်ဆု (ပထမဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (ပထမဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်ဆုလက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ရခိုင်တိုင်းရင်းရိုးရာအကအဖွဲ့မှ “သျှိုင်ဒိုင်” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဒေါ်ဆွေဆွေမြတ်တို့က ပြည်နယ်စီမံထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်စက်မှုစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်ဆု လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆု (တတိယဆင့်) ရရှိသူများ၊ ပြည်နယ်လူမှုထူးချွန်ဆု (တတိယဆင့်) ရရှိသူများအား ဂုဏ်ထူးဆောင်ဆုလက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “ရိုးမရံစီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ဆုရရှိကြသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကာ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က “ဇမ်း” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။


ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ၁၉၇၄ ခုနှစ်မှ စတင်ကာ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျင် နှစ်(၅၀)ပြည့်မြောက်၍ ရွှေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသည့် လူနာများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများ ပေးအပ်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြပြီး စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ သွားရောက်ပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းများခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုကြကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများ၊ ရေယာဉ်များဖြင့် လူသုံးကုန်ပစ္စည်းများ‌ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)