မော်လမြိုင်၊ ဒီဇင်ဘာ ၃
မွန်ပြည်နယ်အတွင်း ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးအတွက် GDP ကုန်ထုတ်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းက စီးပွားရေးကဏ္ဍကြီး ၃ ခုမှာ အဓိကကျသည့် လယ်ယာကဏ္ဍကြီး ထုတ်လုပ်မှုတိုးတက်မှသာ အခြားကဏ္ဍကြီးတွေဖြစ်သည့် စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများပါ ဆက်စပ်တိုးတက်လာမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိဖို့ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်သလို သီးထပ်စွမ်းအား တိုးတက်ရရှိအောင်လည်း ဆောင်ရွက်ကြရမှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိဖို့အတွက် ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်နဲ့ သွင်းအားစုတွေကို ဖြန့်ဖြူးပေးဖို့လိုအပ်ကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရရှိရေးအတွက် အဓိကလိုအပ်တဲ့ စိုက်ပျိုးရေရရှိရေးအတွက်လည်း နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်မှသာ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်လာပြီး ဂျီဒီပီ တိုးတက်လာမှာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ကို လိုအပ်သည့် အရင်းအနှီးများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေမှရရှိဖို့ဆောင်ရွက် ပေးထားသည့်အတွက် အမှန်တကယ်ထုတ်လုပ်မှုတိုးတက်ဖို့နဲ့ တိုးတက်ထုတ်လုပ်မှုစာရင်းကို ဂျီဒီပီတွက်ချက်ရာမှာပါဝင်ဖို့ စာရင်းပြုစုပြီး စီမံကိန်းရုံးကို ပေးပို့ရမှာဖြစ်ကြောင်း၊ စက်မှုလက်မှုကဏ္ဍအနေနဲ့ စက်မှုကြီးကြပ်မှာ မှတ်ပုံတင်ထားသည့်လုပ်ငန်းများ၊ အသေးစား စက်မှုလုပ်ငန်းမှာ မှတ်ပုံတင်ထားသည့်လုပ်ငန်းများ၊ စည်ပင်သာယာမှ ခွင့်ပြုထားတဲ့လုပ်ငန်းတွေမှာ အမှန်တကယ်ထုတ်လုပ်မှုတိုးတက်စေရန် အရင်းအနှီး လိုအပ်ချက်များကိုလည်း MSME ချေးငွေရရှိအောင် ဆောင်ရွက်ပေးဖို့လိုအပ်မှာဖြစ်ကြောင်း၊ ပြည်နယ်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျီဒီပီထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရာမှာ အဓိကကျတဲ့ စိုက်ပျိုးမွေးမြူရေးအပြင် အခြားကဏ္ဍများအနေနှင့် ဒေသန္တရ စီမံကိန်းရည်မှန်းချက်လျာထားချက်များ ပြည့်မီကျော်လွန်ရေးအတွက် ဘတ်ဂျက်မကုန်မီ ကျန် ၄ လအတွင်း လအလိုက် စနစ်တကျစီမံချက်များချမှတ်ပြီး သေချာစွာ ကြပ်မတ် ဆောင်ရွက်သွားကြရန်မှာကြားသည်။
ထို့နောက် မွန်ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ် ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် ပထမ(၆)လပတ်ကုန်နှင့် နှစ်ကုန်ယာယီခန့်မှန်း GDP အကောင်အထည်ဖော်နိုင်မည့် အခြေအနေများကိုလည်းကောင်း မွန်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းရီက ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ခုနှစ် ဘဏ္ဍာငွေ အရသုံးလျာထားချက်တွင် အကောင်အထည်ဖော်နိုင်မှုအခြေအနေ အသုံးစရိတ်များကို power point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ရှင်းလင်းတင်ပြချက်များနှင့်ပက်သက်၍ ခြုံငုံသုံးသပ်အကြုံပြုဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုရှင်းလင်းတင်ပြရာပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်နယ်၀န်ကြီးချုပ်က ဌာနဆိုင်ရာများအနေဖြင့် ဌာန၏ရည်မှန်းချက် တာ၀န်ပြည့်မီအောင်ဆောင်ရွက်ရန်၊ စာရင်း ဇယားများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေး လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment