ပေကျင်း၊ ဇန်နဝါရီ ၁၇
မကြာသေးမီက သရုပ်ဆောင် ဝမ်XXX၊ မီးအလှပြပညာရှင် စွန်းXXXချန် စသည့် တရုတ်နိုင်ငံသားများစွာသည် ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေမှုသည် လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ခြင်းခံခဲ့ရသည်။
အဆိုပါကိစ္စရပ်အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက များစွာအလေးထားပြီး ပြည်ပသို့ ရောက်ရှိပြီး အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသူများ၏အခြေအနေအား ဘက်စုံခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ရန် သက်ဆိုင်ရာဒေသတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို လျင်မြန်စွာ ဖြန့်ကြက်စီမံထားပြီး ပြည်ပအခြေစိုက် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး စသည့် သက်ဆိုင်ရာဌာနများနှင့် တက်ကြွစွာတွဲဖက်၍ လူကယ်ဆယ်ရေးနှင့် အမှုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဝမ်XXX၊ စွန်းXXXချန်၊ ယန်XXXချီ၊ ဝူXXXချီ၊ လျင်XXXလိန်၊ ရွှီXXXနင် တို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ဝမ်XXX သည် ဝီချက်အဖွဲ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ကာ ဗီဒီယိုရိုက်ကူးသည့် အလုပ်ခေါ်စာကိုတွေ့ရှိသဖြင့် ထိုခေါ်စာပါ အကြောင်းအရာအတိုင်း ဒုတိယဒါရိုက်တာ “ယန်စီလျို့” ၏ ဝီချက်အကောင့်ကို ဆက်သွယ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ရိုက်ကူးရေးကိစ္စအတွက် ညှိနှိုင်းခဲ့ကြောင်း စုံစမ်းစစ်ဆေးချက်အရ သိရှိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက်ခင်းတွင် ဝမ်XXX သည် ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိပြီးနောက် “ယန်စီလျို့” စီစဉ်သည့်ကားဖြင့် စီးနင်းလိုက်ပါခဲ့ရာ ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရသည်။ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေးလိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရကြောင်း ဖော်ပြထားသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေသူများကို အစွမ်းကုန်ရှာဖွေ ကယ်ဆယ်သည့် တစ်ချိန်တည်းတွင် အမှုစုံစမ်းစစ်ဆေးရေးလုပ်ငန်းကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်ကာ မြန်မာနိုင်ငံ မြဝတီတွင် ခိုအောင်းနေပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်သည့် ရာဇဝတ်ဂိုဏ်းကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ အဆိုပါရာဇဝတ်ဂိုဏ်းသည် ဝီချက်အဖွဲ့များစွာတွင် သရုပ်ဆောင်၊ မော်ဒယ်၊ ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းများ အလုပ်ခေါ်သည် ဟူသော အချက်အလက်အတုများ ထုတ်ပြန်ကာ လာရောက်ရန်ဆန္ဒရှိသူများအတွက် လေယာဉ်လက်မှတ်ဝယ်ပေးခြင်း၊ ဟိုတယ်ဘိုကင် လုပ်ပေးခြင်း၊ ကားစီစဉ်ပေးခြင်း စသည့် နည်းလမ်းများဖြင့် အဆိုပါလူများကို ထိုင်းနိုင်ငံပြည်တွင်းသို့ လိမ်လည်ခေါ်ဆောင်ပြီးနောက် မြန်မာနိုင်ငံ မြဝတီသို့ ထပ်မံပို့ဆောင်ကာ ဆက်သွယ်ရေးလိမ်ညာမှုဇုန်များသို့ လူကုန်ကူးခဲ့ကြောင်း၊ မကြာသေးမီက အွန်လိုင်းပေါ်တွင် ပေါ်ထွက်လာသည့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များ ပြည်ပတွင် အဆက်အသွယ်ပြတ်တောက်ခြင်း၊ ပိတ်မိခြင်း အမှုများသည် အဆိုပါရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်နေကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၁၂ ဦးကို တရုတ်-ထိုင်း ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးရမိပြီးဖြစ်ကာ သက်ဆိုင်ရာအမှုစုံစမ်းစစ်ဆေးမှုနှင့် အခြား ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား လိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရသည်။
မကြာသေးမီက ပြည်ပ၌ အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိသူများ၏ မိသားစုဝင်များက အကူအညီတောင်းခံသော အချက်အလက်များ တင်ပြမှုများနှင့်စပ်လျဉ်း၍ သဲလွန်စများကို ဘက်စုံခွဲခြမ်းစိတ်ဖြာပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်ရန်၊ သက်ဆိုင်ရာဌာနက အဆက်အသွယ်ပြတ်တောက်နေသော၊ ပိတ်မိနေသူများကို ဆောလျင်စွာ ရှာဖွေကယ်ဆယ်ရေးအတွက် ဘက်စုံညှိနှိုင်းလုပ်ဆောင်ရန် တရုတ်နိုင်ငံ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ကြက်စီမံထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများအား ပြင်းထန်စွာ ဖိအားပေး ဆက်လက် တိုက်ဖျက်လျက်ရှိရာ မျက်ခြည်မပြတ်စောင့်ကြည့်၍ အထူးတိုက်ဖျက်ရေးလှုပ်ရှားမှုများကို နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ပြည်ပဆက်သွယ်ရေးလိမ်ညာမှု လုပ်ဆောင်သည့်စခန်းများကို အစွမ်းကုန် ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ရာဇဝတ်ဂိုဏ်း “ရင်းနှီးမြှုပ်နှံသူ”၊ အမာခံအဖွဲ့ဝင်များကို အစွမ်းကုန် ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ ပိတ်မိနေသူများအား အစွမ်းကုန်ညှိနှိုင်း ကယ်ဆယ်သွားမည်ဖြစ်ကြောင်း၊ ပြည်ပလူလိမ်ဂိုဏ်းများ၏ “လစာမြင့်အလုပ်၊ နေစားငြိမ်း၊ လေယာဉ်လက်မှတ်ပေးသည်၊ အကြိုအပို့သီးသန့်စီစဉ်ပေးသည်” စသည်တို့ဖြင့် ဆွဲဆောင်ခြင်း၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းလေ့လာမှု၊ အခမဲ့ခရီးသွားလည်ပတ်မှု စသည့်ခေါင်းစဉ်များဖြင့် တရုတ်နိုင်ငံ ပြည်တွင်းမှလူများကို ပြည်ပသို့လိမ်လည်ခေါ်ဆောင်ကာ တရားမဝင်ထိန်းချုပ်၍ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုများ ကျူးလွန်ရန် ခိုင်းစေမှုများကို သတိထားရန် တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက သတိပေးထားကြောင်း သိရသည်။
သို့ဖြစ်ပါ၍ တရားမဝင် ပြစ်မှုကျူးလွန်သည့် ထောင်ချောက်တွင်းသို့ ကျရောက်ခြင်းမှ ရှောင်ကြဉ်ရန် အများပြည်သူအနေဖြင့် သတိကြီးကြီးထားကာ လုံခြုံရေးကြိုတင်ကာကွယ်မှုကို မြှင့်တင်ရန်၊ နိုင်ငံခြား လစာမြင့် အလုပ်ခေါ်ယူခြင်း မက်လုံးများကို အလွယ်တကူ မယုံကြည်ကြရန် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းမှ သတိပေးထားကြောင်း ဆင်ဟွာသတင်းတွင် ပြည့်စုံစွာ ဖော်ပြထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment