မုံရွာ၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှပရေးနှင့် စနစ်တကျဖြစ်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ရေယာဉ်အသင်းကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့များအား မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး အချိန်နှင့်တစ်ပြေးညီ စည်ပင်သာယာရေးအဖွဲ့၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအပန်းဖြေစေရန်အတွက် အပန်းဖြေနေရာများ ဖော်ဆောင်ပေးခြင်း၊ မြို့တွင်းရှိလမ်းများအား အဆင့်မြှင့်တင်ပေးခြင်းနှင့် အပတ်စဉ်စနေနေ့တိုင်း စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများနှင့် မြို့တွင်းရှိလမ်းများအား ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆိပ်ကမ်းများ အဆင့်မီစေရန်အတွက် ရေယာဉ်များ ဆိုက်ကပ်ရာနေရာများအား သန့်ရှင်းသာယာလှပရေး၊ စနစ်တကျရှိစေရေး၊ ဆိပ်ကမ်းတာများ မကျိုးပေါက်စေရေးနှင့် ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန်အတွက် တာဝန်ရှိသူအားလုံးမှမြေပြင်အထိ ကွင်းဆင်းကာ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ဆိပ်ကမ်းနယ်မြေအတွင်း ရေထုညစ်ညမ်းမှုမဖြစ်စေရေးအတွက် ဆိပ်ကမ်းအနီး နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်း အမှိုက်များ၊ အညစ်အကြးများ၊ ဘေးအန္တရာယ်ဖြစ်စေသည့်ပစ္စည်းများနှင့် စက်သုံးဆီများအား မစွန့်ပစ်စေရေးအတွက် ပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဆိုင်းဘုတ်များ ဆိုက်ထူရေးလုပ်ငန်း များအား ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှပရေးနှင့် စနစ်တကျဖြစ်စေရေး မိမိတို့ဌာနများအလိုက် တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ချင်းတွင်းမြစ် အတွင်း မြစ်သဲကျောက်ထုတ်လုပ်ရေး လုပ်ငန်းလိုင်စင်ထုတ်ပေးထားရှိမှု၊ ရေယာဉ်များ စနစ်တကျပြေးဆွဲရေး၊ ဆိပ်ကမ်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအားလည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က တိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရေယာဉ်အသင်းကိုယ် စားလှယ်များက မိမိတို့လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းပေါင်းစပ်ပေးလိုမှု လုပ်ငန်းအခြေအနေများအား ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှပရေးနှင့် စနစ်တကျဖြစ်စေရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ကမ်းသန့်ရှင်း သာယာသပ်ရပ်စေရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံးမှ ချင်းတွင်း သင်္ဘောကျင်းဌာနခွဲ (မုံရွာ)ရုံးအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့များမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားကြပြီး ချင်းတွင်းမြစ်ကမ်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment