လူငယ်များသိသင့်သော ပညာရေးအယူအဆများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များသိသင့်သော ပညာရေးအယူအဆများ


ယနေ့လူငယ်များသည် ကလေးဘဝမှစတင်၍ မူကြိုအဆင့်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အသီးသီးကို ဖြတ်ကျော်ခဲ့ကြသည်။ ဘွဲ့ရပညာတတ်များဖြစ်အောင် ကြိုးစားသင်ယူခဲ့ကြသလို ဘွဲ့မရသော်လည်း စီးပွားရေးလုပ်ငန်းများတွင် ကျွမ်းကျင်မှုအတတ်ပညာဖြင့် ဘဝခရီးလမ်း လျှောက်လှမ်းနေသူများလည်းရှိသည်။

“ပညာရေးသည် ကမ္ဘာကြီးကိုပြောင်းလဲရန်အသုံးပြုနိုင်သော လက်နက်ဖြစ်သည်” ဟု နယ်လ်ဆင် မင်ဒဲလား (Nelson Mandela) ကဆိုခဲ့သည်။

ပညာရေးသည် လူသားတို့၏ဘဝကို ပြောင်းလဲပေးနိုင်သည်။ စစ်မှန်သောပညာရေးသည် အမှား အမှန်၊ အကောင်းအဆိုးကို သေချာစွာခွဲခြားပေးနိုင်သည်။ လူငယ်တို့၏ တွေးခေါ်ဆင်ခြင်နိုင်စွမ်းကို မြှင့်တင်ပေးသည်။ ဝေဖန်ပိုင်းခြားစဉ်းစားတတ် အောင်သင်ကြားပေးနိုင်သည်။ ပညာရေးဖြင့် မှန်ကန်ထိရောက်သော နည်းစနစ်များကို ဖော်ဆောင်ပေးနိုင်သည်။ ထိုမှတစ်ဆင့် ကောင်းမွန်သော ပြောင်းလဲမှုများကို ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် ပညာရည်မြင့်မားသော အဖွဲ့အစည်းများသည် နိုင်ငံ တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်ပေမည်။

“ပညာရေးသည် အချက်အလက်များကို သင်ယူရန်သက်သက်မဟုတ်ချေ။ တွေးခေါ်နိုင်သော စိတ်ရှိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်” ဟု အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein)က ဆိုခဲ့သည်။

ကျောင်းသင်ပညာရေးတွင် လူငယ်ကျောင်းသားများသည် အတွက်အချက်များသာမက အချက်အလက်များကို ကျက်မှတ်နေရသည်။ ယင်းအချက်အလက်များ မှတ်သားခြင်းမှ အသိပညာဗဟုသုတမြင့်မား တိုးတက်လာမည်။ ထိုမှတစ်ဆင့် လက်တွေ့ဘဝနှင့် ချိတ်ဆက်မိအောင် တွေးခေါ်ဆင်ခြင်သုံးသပ်တတ်ရန် သင်ပေးနိုင်ရမည်ဖြစ်ပါသည်။ ဤသည်မှာ ပညာရေးအတွက် အရေးပါသော အမှန်တကယ်ပံ့ပိုးပေးသော အယူအဆတစ်ခုဖြစ်သည်။

တစ်ဖန် “အသိပညာတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးသော အတိုးအမြတ်ကို ရရှိစေသည်” ဟု ဘင်ဂျမင်ဖရန်ကလင် (Benjamin Franklin) ကဆိုခဲ့သည်။

နိုင်ငံတည်ဆောက်ရေးတွင် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်သည်။ အသိဉာဏ် ပညာကြီးမားသော နိုင်ငံသားများစွာရှိသည့် နိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ်ကို တိုးတက်စေပြီး နိုင်ငံကို ပိုမိုချမ်းသာကြွယ်ဝစေကြောင်း တွေ့ရှိနေရသည်။ အသိပညာနှင့်ပတ်သက်၍ ယနေ့လူငယ်များသည် သင်ယူမှုအမျိုးမျိုးပြုလုပ်နေကြသည်။ စာအုပ်များဖတ်ကြသည်။ လေ့လာကြသည်။ အင်တာနက်ပေါ်မှလည်း လေ့လာကြသည်။ သင်တန်းများ တက်ကြသည်။ သင်ယူခွင့်များ ရရှိသည်နှင့်အမျှ အတွေ့အကြုံများ ရရှိလာကြသည်။ သင်ယူမှုမှရရှိသော အသိပညာများသည် မိမိအတွက်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အသုံးဝင်လာမည်ဖြစ်သည်။ ထို့ကြောင့် အသိပညာတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် လူငယ်များ၏အနာဂတ်လှပလာမည်ဖြစ်သည်။

ပညာရေး၏အရေးပါမှု၊ အသုံးဝင်မှုအပြင်ပညာရေး၏ ပန်းတိုင်ဆိုင်ရာ အယူအဆကိုလည်း သိရှိနားလည်စေရန် လိုအပ်ပါသည်။

“ပညာရေး၏ပန်းတိုင်သည် အသိပညာပမာဏကို တိုးတက်စေရုံမျှမက အသစ်အသစ်များ ဖန်တီးနိုင်စွမ်းရှိသော လူများဖြစ်လာအောင် ကလေးများကို တီထွင်နိုင်မှု၊ ရှာဖွေတွေ့ရှိနိုင်မှု ဖြစ်နိုင်ခြေများ ပိုများလာအောင်ဖန်တီးပေးရန်ဖြစ်သည်” ဟု Jean Praget ဆို‌သော ပညာရှင်က ဆိုခဲ့သည်။

ကလေးများကို ပညာသင်ကြားရာတွင် အသိပညာတိုးပွားရုံမကဘဲ ကလေးများ၏ ပင်ကိုစွမ်းရည်နှင့် လုပ်နိုင်စွမ်းများ၊ စွမ်းရည်များ၊ တန်ဖိုးထားမှုများကို တိုးတက်ပြောင်းလဲသွားအောင်ဆရာများက စွမ်းဆောင်ပေးပြီး မိဘများက ပံ့ပိုးကူညီရမည်ဖြစ်သည်။ ကလေးဘဝမှ လူငယ်ဘဝသို့ ရောက်ရှိသွားချိန်တွင် အသိပညာအဆင့်မှာပဲ ရပ်နေ၍မရချေ။ အသိပညာကို အသုံးချခွင့်ရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာရေးများကို ဖော်ဆောင်ပေးရန် လိုအပ်သည်။ အသစ်များကို ဖန်တီးရင်းနှင့် အဟောင်းများကို တန်ဖိုးထားတတ်အောင်၊ အဟောင်းများမှ သင်ယူတတ်အောင် လေ့ကျင့်သင်ကြားလမ်းညွှန်ပေး ရမည်ဖြစ်သည်။ အသစ်များကိုဖန်တီးခြင်းဖြင့် လူငယ်များအတွက် အရေးပါသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ လူငယ်များသည် မိမိဘဝအတွက် ပြုစုပျိုးထောင်ရင်း လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်သူများ ဖြစ်လာရေး ရည်မှန်းထားရန်လိုအပ်သည်။

ဤတွင်သင်ယူခြင်းနှင့်ပတ်သက်၍ မဟတ္တမဂန္ဒီ(Mahatma Gandhi)၏ ပညာရေးဆိုင်ရာအယူအဆ တစ်ခုကို ဖော်ပြလိုပါသည်။

“မနက်ဖြန်ဆိုရင် သေတော့မလို ဘဝကိုနေထိုင်ပြီး ထာဝရအသက်ရှင်တော့မယ့်အတိုင်း သင်ယူနေပါ။”

သင်ယူမှုဟူသည် မည်သည့်အခါမျှ အဆုံးမသတ်နိုင်ချေ။ သင်ယူလေလေ ပိုမိုသိရှိလေလေဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် အမြဲသင်ယူနေခြင်းဖြင့် မိမိဘဝတိုးတက်ရေး လှေကားထစ်များကို တက်လှမ်းနေရမည်ဖြစ်သည်။ မနက်ဖြန်ထက် ယနေ့က ပို၍တန်ဖိုးရှိသည်ကို သတိမူသင့်သည်။ ပစ္စုပ္ပန်ဘဝတွင် အပြုသဘောနှင့် ဆက်ဆံတတ်ရန် လိုသည်။ အမြဲရှင်သန်ရတော့မည်ဟု တွေးခေါ်တတ်လျှင် အနာဂတ်အတွက် သင်ယူဖို့လိုအပ်သည်များ များစွာရှိကြောင်း သတိထားတတ်လာမည်။ ဤသို့ပညာရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သော စိတ်ထား(mindset) ရှိရန်လိုအပ်သည်။

“ဆရာတစ်ဦး၏ အကြီးမားဆုံးသော အောင်မြင်မှုလက္ခဏာသည် ကလေးတွေက (ဆရာ) မရှိသည့် အလား အလုပ်လုပ်နေကြခြင်းဖြစ်သည်” ဟု Maria Montessor ကဆိုသည်။

ဤအယူအဆသည် ပညာရေးအခန်းကဏ္ဍတွင် ကလေးများအား သင်ယူလေ့လာမှု စွမ်းအားကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ဆရာ၏လမ်းညွှန်မှုသည် ကလေးများအတွက် လိုအပ်သည်။ ကလေးများကို ထိန်းချုပ်နိုင်စွမ်း ဆရာများတွင်ရှိသည်။ သို့ရာတွင် ကလေးများအနေဖြင့် ဆရာများကို အားကိုးရန်လိုအပ် သလို မိမိဘာသာရပ်တည်နိုင်အောင်၊ သင်ကြားသူမရှိလျှင်တောင် Self study သင်ယူမှုပြုလုပ်တတ်အောင် သင်ပေးရန် လိုအပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ လူငယ်များအနေဖြင့် ဆရာရှိမှ ဖြစ်မည်ဆိုသည်ထက် ဆရာမရှိလျှင်လည်း မိမိတို့ကိုယ်တိုင် သင်ယူလေ့လာနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ သည့်အတွက် ထိရောက်သော လေ့လာသင်ယူမှု ပြုလုပ်တတ်အောင် ဆရာများက ကျောင်းသားလူငယ်များကို ပြင်ဆင် ပေးရန်၊ လမ်းညွှန်ပေးရန် လိုအပ်သည်။

ပညာရေးနှင့်ပတ်သက်၍ ထူးခြားသော အယူအဆတစ်ခုကို John Dewey ဆိုသူကဖော်ညွှန်း ခဲ့ပြန်သည်။

“ပညာရေးဆိုတာ ဘဝအတွက် ပြင်ဆင်ပေးတာ မဟုတ်ဘူး။ ပညာရေးကိုယ်တိုင်က ဘဝပဲ”

အချို့လူငယ်များက ဘွဲ့ရပြီးလျှင် ပညာရေး ပြီးဆုံးသွားပြီဟုယူဆကြသည်။ ဘွဲ့ရပြီးလျှင် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ စသည်တို့ဖြစ်မည်ဟု တွေးထင်ထားကြသည်။ ပညာရေးသည် ဘဝအတွက် ပြင်ဆင် ပေးခြင်းသက်သက် မဟုတ်ချေ။ လူငယ်များအနေဖြင့် ပညာရေးသည် ကိုယ့်ဘဝဟုသာ တွေးထင်ယူဆလိုက်လျှင် အမြဲသင်ယူနေရမည်ဟူသော တွေးခေါ်မှုရှိလာမည်ဖြစ်ပြီး ဘဝ၏အဓိပ္ပာယ်သည် ပိုမိုလေးနက်လာမည်ဖြစ်သည်။ ထို့ကြောင့် life-long learning ဟူသော ဘဝတစ်သက်တာလေ့လာမှု၏ သဘောကို သိရှိနားလည်လာမည်ဖြစ်သည်။

နိုင်ငံတော်တည်ဆောက်ရေးတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ စွမ်းပကားသည် လွန်စွာအရေးပါသည်။ ကျွမ်းကျင်ပညာရှင်များဖြစ်သော ဆရာဝန်၊ အင်ဂျင်နီယာ စသည်တို့သည် အတတ်ပညာရှင်များ ဖြစ်ကြသည်။ အတတ်ပညာရှင်များ ပြည့်စုံရုံမျှနှင့် မလုံလောက်ချေ။ အသိပညာရှင်များရှိရန်လည်းလိုအပ်သည်။ နည်းပညာတိုးတက်လာသော ယနေ့ခေတ်တွင် အတတ်ပညာရှင်များ၏ တီထွင်မှုဖြင့် လောက၏ကောင်းကျိုးများ ဆောင်ရွက်နိုင်သလို ဆိုးကျိုးများလည်း ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် လူ့လောကအကျိုးအတွက် အတတ်ပညာ ရှင်များအပြင် အသိပညာရှင်များလိုအပ်သည်မှာ အမှန်ပင်။ အမှားအမှန်၊ အကျိုးအပြစ်၊ အကောင်း အဆိုးကို ခွဲခြားသိမြင်သော ဉာဏ်ပညာကို အသိပညာဟု နားလည်ထားကြသည်။ အတတ်ပညာကို အသိပညာဖြင့် ထိန်းကျောင်းရန်လိုအပ်သည်။ အတတ်ပညာက လူတော်ဖြစ်စေနိုင်သကဲ့သို့ အသိပညာက လူကောင်းဖြစ်စေသည်မှာ သဘာဝပင်။ ထို့ကြောင့် လူတော်များဖြစ်ရုံသာမကဘဲ လူကောင်းများလည်းဖြစ်ရန် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်သည်။ ပညာရေးဆိုင်ရာ အယူအဆများကိုလေ့လာရင်း လူငယ်များအနေဖြင့် နိုင်ငံတော်အတွက် အရေးပါသော လူကောင်းလူတော်များဖြစ်စေရေး ကြိုးစားရန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။ ။


မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)