ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်သုံးပုံပါဠိတော် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်သုံးပုံပါဠိတော် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၄

ပိဋကတ်သုံးပုံပါဠိတော်ခုနစ်ကျမ်းအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ (တိုးချဲ့ရုံးသစ်)၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ မော်ကွန်းထိန်းဆရာတော်များနှင့် ပါမောက္ခ/ ဌာနမှူး ဆရာတော်များ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခဆရာတော်များ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ မဟာဌာနမှူးဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ၊ ပညာရှင်ဆရာကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာတော်ဆိုင်ရာများကို ဆွေးနွေးလျှောက်ထားပြီး သာသနာတော် ထွန်းကားပြန့်ပွား ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆို ဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားတင်ပြသည်။

ယင်းနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်များက ပိဋကတ်ပါဠိတော်များကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် တရားဒေသနာတော်များ ချွတ်ချော်တိမ်းစောင်းမှုမရှိစေရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခင်ဘာသာပြန် ဆောင်ရွက်လျက်ရှိသည့် ပညာရှင်များ၏ အတွေ့အကြုံအကြံဉာဏ်များ၊ နည်းလမ်း၊ စည်းမျဉ်း၊ စည်းကမ်းများကိုနည်းနာယူ၍ သာသနာတော်အတွက် တက်ညီလက်ညီ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပိဋကတ်ပါဠိတော်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ်ရာတွင် မြန်မာဘာသာပြန်အပြင်ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကိုပါ ဆက်စပ်တွေးခေါ်သုံးသပ်ပြီး ဘာသာပြန်ဆိုရသည့်အတွက် တာဝန်ကြီးမားသော်လည်း မွန်မြတ်သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ထေရဝါဒ ငါးနိုင်ငံတွင် မြန်မာနိုင်ငံသည် ဦးဆောင်နိုင်ငံဖြစ်သည့်အားလျော်စွာ ယခုဆောင်ရွက်သည့် အင်္ဂလိပ်ဘာသာ ပြန်ဆိုခြင်းလုပ်ငန်းကို ကမ္ဘာ့အဆင့်အတန်းမီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိစစ်တည်းဖြတ်ပြီး စာအုပ်များကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗုဒ္ဓတက္ကသိုလ်များနှင့် စာကြည့်တိုက်များသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း မိန့်ကြားကြသည်။

ဆက်လက်၍ ပိဋကတ်ဘာသာပြန်စာတည်းအဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးအောင်သိန်းညွန့်နှင့် အဖွဲ့ဝင်ဆရာကြီး ဦးလှသိန်းထွဋ်တို့က ပိဋကတ်သုံးပုံပါဠိတော်ကျမ်းများ အင်္ဂလိပ်ဘာသာပြန်ဆိုမှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးလျှောက်ထားပြီး တက္ကသိုလ်လေးခုတို့မှ ပါဠိတော်ခုနစ်ကျမ်းအား အင်္ဂလိပ်ဘာသာပြန်ဆိုနိုင်ရန် ကျမ်းအလိုက် အသီးသီးတာဝန်ခွဲဝေယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်နှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်များအတွက် ကွန်ပျူတာ၊ ပရင်တာနှင့် ဆက်စပ်ပစ္စည်းလေးစုံကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနသည် ပိဋကတ်ပါဠိတော်များကို အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပိဋကတ်သုံးပုံပါဠိတော် ၅၃ ကျမ်းတွင် ဘာသာပြန်ဆိုစိစစ်ပြီးသော ကျမ်း ၃၅ ကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် စာအုပ် ၃၆ အုပ် ထုတ်ဝေရန် စီစဉ်လျက်ရှိပြီး ပညာရှင်ဆရာကြီး ဆရာမကြီးများက တည်းဖြတ်နေဆဲကျမ်း ၁၁ ကျမ်း၊ အင်္ဂလိပ်ဘာသာသို့ မပြန်ဆိုရသေးသည့် ကျမ်းခုနစ်ကျမ်းရှိကြောင်း သိရသည်။


#News #MNP

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)