ဘားအံ၊ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၊ သီရိမင်္ဂလာ အမှတ်(၅)ရပ်ကွက်၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးရွာအတွင်းလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၇)နာရီက အဆိုပါကျေးရွာ ရွာလယ်လမ်းဆုံ၌ ကျင်းပရာ ပြည်နယ်ကျက်သရေဆောင် ကျောက်ကလပ် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိမလ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုနှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ လမ်းဖွင့်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ကျောက်ကလပ်ဆရာတော်ဘဒ္ဒန္တဝိမလ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုနှင့် လမ်းဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌတို့က ပြည်နယ်အစိုးရအဖွဲ့၏ မတည်လှူဒါန်းငွေကျပ်သိန်း (၅၀)၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် သိန်း(၆၀၀)၊ စုစုပေါင်းငွေကျပ် ၆၅၀ သိန်းဖြင့်ဆောင်ရွက်ခဲ့သော အလျား ၂၂၃၇ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးရွာအတွင်းလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကျောက်ကလပ်ဆရာတော်ဘဒ္ဒန္တဝိမလ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုနှင့် တာဝန် ရှိသူများသည် လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ပအိုဝ်းယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၊ သီရိမင်္ဂလာ အမှတ် (၅)ရပ်ကွက်တွင် အလျား ၂၄၁၇ ပေရှိ ရွာတွင်းလမ်းကို ထပ်မံပြင်ဆင်ခင်းကျင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ဆက်လက်၍ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သီရိမဏ္ဍိုင်ဓမ္မစကူးလ်၏ (၁၀)ကြိမ်မြောက် ဓမ္မစကူးလ်ကျောင်းဆင်းပွဲကို နံနက် ၈ နာရီက သီရိမဏ္ဍိုင်စာသင်တိုက်၌ ကျင်းပရာ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
ဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက သီရိမဏ္ဍိုင်ဆရာတော် ဘဒ္ဒန္တအိန္ဒြောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီး၏ ဆုံးမဩဝါဒကထာကို နာယူကြည်ညိုကြကာ ဆရာတော်ကြီးက (၁၀)ကြိမ်မြောက်ဓမ္မစကူးလ်၌ ကျောင်းတက်မှန် ဆုနှင့် ပြည်နယ်၊ မြို့နယ်အဆင့် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဓမ္မစကူးလ်ကျောင်းဆင်းပွဲဖြစ်မြောက်ရေးအဖွဲ့မှ အလှူငွေကျပ်(၃)သိန်းကို ပေးအပ်လှူဒါန်းပေးပါသော ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးက ဓမ္မစကူးလ်ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ ဓမ္မစကူးလ်ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
#MNP #News #Pa-An
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment