နေပြည်တော်၊ ဇန်နဝါရီ ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေ အသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က နိုင်ငံသားအချင်းချင်းအကြား တရားမျှတမှုရှိစေရန်နှင့်နိုင်ငံသားနှင့်အစိုးရအကြား တရားမျှတမှုရှိစေရန် ရည်ရွယ်၍ ဥပဒေများကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ ဥပဒေမရှိလျှင် မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာမည် ဖြစ်၍ ဥပဒေစိုးမိုးရန်လိုအပ်ပြီး ဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ရသည့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေဘာသာရပ် သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေကိုပြည်သူအားလုံးသိရှိပြီး လိုက်နာစေရန်ဖြစ်ကြောင်း၊ ဥပဒေတွင် တိုက်တွန်းဥပဒေနှင့် တားမြစ်ဥပဒေ နှစ်မျိုးသာရှိကြောင်း၊ ဝန်ထမ်းတိုင်းသည် မိမိဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ဆက်စပ်ဥပဒေများကို သိရှိနားလည် ရန်လိုသည့်အတွက် ဥပဒေပြန့်ပွားရေးသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
ကော်မရှင်သည် ဥပဒေအရ အာဏာအပ်နှင်းခံရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားလိုက်သည့် ဘာသာရပ်များကို ဆင့်ပွားလေ့လာရန်နှင့် ဆင့်ပွားအသိပညာပေးရန်လို ကြောင်း၊ ဝန်ထမ်းတိုင်း ထူးချွန်ထက်မြက်ပြီး လူကောင်းဖြစ်ရန်လိုကြောင်း၊ ကော်မရှင်သည်ဖြောင့်မတ်တည်ကြည်မှုမရှိသည့် ပြစ်မှုကျုးလွန်သူ များကို ဖော်ထုတ်အရေးယူရသည့်ဌာနဖြစ်၍ ကိုယ်တိုင် ဖြောင့်မတ်တည်ကြည်မှုရှိရန် လိုက်နာဆောင်ရွက် ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် ( ၁/၂၀၂၅) သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား ၃၀ ကိုယ်စား သင်တန်းသား တစ်ဦး ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment