နေပြည်တော်၊ ဇန်နဝါရီ ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ ၁၅၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင်(၆)လမ်းထိပ်တွင် ဦးမောင်မြင့်စိုး(ခ)ခိုင်ကျော်မင်း(ခ)ကိုမင်း၊ ဝင်းဗိုလ်(ခ)ဦးရခိုင်နှင့် ဦးမောင်မိုးညွန့်(ခ)မိုးချေ တို့ ၃ ဦးအား သတင်းအရရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ခရီးဆောင်အိတ်၂ လုံးအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀ ကီလို သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၆ ရက်နေ့ ၀၁၀၀ အချိန် လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာအုပ်စု၊ ဒေါင်းမြီးကွက်ကျေးရွာတွင် ကိုကိုနိုင်(ခ)စိန်ရွှေအောင်(ခ)ကျော်လင်း(ခ)ဂိုးကြီးနှင့် ဦးကြည်စိုး တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ၁၂၄၅အချိန် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် ကျော်ဝင်းနိုင်(ခ)ဖိုးထူး အား ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးတွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်းဖိုးငွေကျပ်သိန်း ၈,၆၆၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး၎င်းမှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဦးမောင်မြင့်စိုး(ခ)ခိုင်ကျော်မင်း(ခ)ကိုမင်း(၄၂)နှစ်၊ ဝင်းဗိုလ် (ခ)ဦးရခိုင်(၅၆)နှစ်၊ ဦးမောင်မိုးညွန့်(ခ)မိုးချေ(၄၁)နှစ်၊ ကိုကိုနိုင်(ခ)စိန်ရွှေအောင်(ခ)ကျော်လင်း(ခ)ဂိုးကြီး(၆၀)နှစ်၊ ဦးကြည်စိုး(၄၃)နှစ် နှင့် ကျော်ဝင်းနိုင်(ခ)ဖိုးထူး(၅၀)နှစ် တို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment