မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ၊ အခက်အခဲများ၊ အားနည်းချက်များရှိသော်လည်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ စီမံချက်ပါအညွှန်းကိန်းများရရှိအောင် ရေရှည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ(၈)ရပ်အနေဖြင့် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ပါ အညွှန်းကိန်းများကိုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

ကလေးအလုပ်သမားအများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ယူခွင့် အားနည်းမှုနှင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရအလုပ်အကိုင်များကို မဖြစ်မနေလုပ်ကိုင်ရန် ဖိအားများကြုံတွေ့နေရသဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် အမျိုးသားကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးကို အထိရောက်ဆုံးအောင်မြင်အောင် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြသွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဆဋ္ဌမအကြိမ် အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းကော်မတီ (၈)ရပ်၏ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူးက သတ္တမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြကာ အတည်ပြုချက်ရယူသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News #Naypyitaw

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)