နေပြည်တော်၊ ဇန်နဝါရီလ ၂၆
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းသို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကာရာမတပ်ဦးကျောင်း ဆလုံဘိုးဘွားရပ်သာ၌ အခြေပြု၍ ဇာဒက်ကြီးကျွန်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၇၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၈၉ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၂ ဦး၊ ကလေးရောဂါ ၁၁ ဦး၊ အရိုးရောဂါ ၂၁ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃ ဦး၊ မျက်စိရောဂါ ၁၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၃ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ဆီးချိုရောဂါ ကုသမှုခံယူခဲ့သည့် အမျိုးသမီးတစ်ဦး က "ဆရာဝန်တွေကတော့ ဆီးချိုဆေးကိုပုံမှန်သောက်ရမယ်။ အစားရှောင်ရမယ်။ ပြီးရင်လေ့ကျင့်ခန်းတွေလုပ်ရမယ်။ ၂၀၂၄ ခုနှစ်တုန်းက နယ်လှည့်ဆေးကုတွေလာတုန်း က တစ်ခါပြဖူးတယ်လေ။ ပြရတာအဆင်ပြေပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ့်တစ်ယောက်တည်းပြရတာမဟုတ်ဘူး။ လူတွေအများကြီး လာပြကြတာဆိုတော့ အဆင်ပြေပါတယ်။ ကော့သောင်းမှာ သွားပြရင် လေရင်စီးဘာစီးနဲ့ဆိုတော့ ပင်လည်း ပင်ပန်းတယ်။ ဒီမှာပြရတာက ပင်လည်းမပင်ပန်းဘူး ပိုက်ဆံလည်းမကုန်ပါဘူး။ အခုလိုလာရောက်ကုသပေးတဲ့အတွက် အများ ကြီးကျေးဇူးတင်ပါတယ်။ ကြည်း၊ ရေ၊ လေ တပ်မတော်မိသားစုတွေလည်း ကျန်းမာ၊ ချမ်းသာကြပါစေလို့။ နောက်လည်း အခုလိုအမြဲ လာရောက်ကုသပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။" ဟု ပြောသည်။
မျက်စိဝေဒနာရှင် တစ်ဦးက "ဆရာဝန်က အခုလောလောဆယ် မျက်စိအတွက်ကို အားဆေးတော့သောက်ခိုင်းတယ် ရှင့်။ ဆေးလေးလည်း ပေးထားပါတယ်။ အပြင်မှာဆို အရမ်းဝေးလံခေါင်ဖျားတယ်လေ။ ပါရဂူအစုံနဲ့လည်း ပြရတယ်။ အကုန်လုံးအတွက် တစ်နေရာတည်းမှာပဲစုစုစည်းစည်း ပြရတာဖြစ်တဲ့အတွက် အရမ်းကို အဆင်လည်းပြေပါတယ်။ အရမ်းလည်းဝမ်းသာမိပါတယ်။ ပုံမှန်ဆိုရင် ရောဂါတွေဘာတွေကို ကော့သောင်းကိုပဲ သွားပြရတယ်ရှင့်။ လှေဆို ရင်တော့ အနည်းဆုံး နှစ်နာရီခွဲ သုံးနာရီလောက်စီးရတယ်ရှင့်။ အခုဒီကိုလာလိုက်တော့ ရောဂါအခြေအနေလည်း သိရတယ်။ အဆင်လည်းအကုန်ပြေသွားတယ်။ အကုန်အကျလည်း သက်သာတယ်။ ဆေးလည်းအကုန်လုံး အခမဲ့ပေးတယ်ဆိုတော့ အဆင်ပြေပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ ရောဂါတစ်ခုခု ခံစားနေရတဲ့သူတွေကိုလည်း ဒီမှာလာရောက်ကုသခံဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်ရှင့်။" ဟု ပြောသည်။
#MNP #News #Health
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment