ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့မှု အခြေအနေနှင့် ပြန်လည်ပြုပြင်‌ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့မှု အခြေအနေနှင့် ပြန်လည်ပြုပြင်‌ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ











နေပြည်တော်၊ ဇန်နဝါရီ ၂၁

KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယား ပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လူနေအဆောက်အဦများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည့်အပြင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ် မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာ ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပညာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးခြင်း၊ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြုတိုက်ခိုက်ခြင်း၊ နိုင်ငံအတွက် အရေးကြီး သည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ ပစ်ခတ်တိုက် ခိုက်ခြင်း စသည့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးစေလိုသည့်၊ အသိဉာဏ် ကင်းမဲ့သည့် လူမဆန်သော လုပ်ရပ် များကို လုပ်ဆောင်ခဲ့ကြသည်။

ယခုအခါ ကယားပြည်နယ် လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည် တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသခံ တိုင်းရင်းသား ပြည်သူ များ အဆက်မပြတ် ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိပြီး လိုအပ်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသခံများ၏ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် လွိုင်ကော် တက္ကသိုလ် အမြန်ဆုံး ပြန်လည်ဖွင့် လှစ်သင်ကြားနိုင်ရေး  အထူးကိစ္စတစ်ရပ်အနေ ဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်များကို အရှိန်အဟုန်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်း သူများ ဖျက်ဆီးမှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့မှု အခြေအနေနှင့် ပြန်လည် ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးတို့က Video Conferencing ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက ပညာရေးကို ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက မည်မျှအလေးထားသည်ကို ကြည့်မည်ဆို ပါက စာသင်ကျောင်းများကို စစ်ရေးဆိုင်ရာအဖြစ် အသုံးပြုခြင်းများ၊ စာသင် ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို တားမြစ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၊ ၂၆၀၁ (၂၀၂၁)ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅)နိုင်ငံက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြကြောင်း၊ အဆိုပါဆုံး ဖြတ်ချက်ထဲတွင် ပါဝင်သည့် အဓိကအချက်များအနေဖြင့် ကလေးများ၊ ကျောင်းများနှင့် ဆရာများကို မတိုက်ခိုက်ရန်၊ လက်နက်ကိုင် ပဋိပက္ခအတွင်းတွင် ပညာသင် ကြားခွင့်ကို အကာအကွယ်ပေးရန်၊ ကျောင်းများသည် ပညာရေးအတွက် လုံခြုံ စိတ်ချရသည့် နေရာဖြစ်ရန်၊ ကျောင်းများသည် အရပ်ဘက် စရိုက်လက္ခဏာရှိ သည်ဖြစ်၍ လေးစားကာကွယ်ရန်၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေပါကလည်း ပညာသင်ကြားခွင့်ကို လွယ်ကူချောမွေ့စွာ ဆက်လက်ရရှိရန် ဆိုသည့်အချက်များ ပင်ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအများစုက ထောက်ခံအတည်ပြုထားသည့် လုံခြုံစိတ်ချသည့် ကျောင်းများဆိုင်ရာကြေညာချက် (The Safe Schools Declaration) တွင်လည်း လက်နက်ကိုင်ပဋိပက္ခ၏ အဆိုးရွားဆုံး သက်ရောက်မှုများကနေ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းများနှင့် တက္ကသိုလ်များကို ကာကွယ်ရန် အကြမ်းဖက်မှု သို့မဟုတ် တိုက်ခိုက်မှုများကို စိုးရိမ်ကြောင့်ကြစရာမလိုဘဲ ပညာသင်ကြား ခွင့်ရရှိရန်၊ ဆရာ ဆရာမ၊ ပါမောက္ခနှင့်ကျောင်းအုပ်ချုပ်သူတိုင်းသည် ဘေးကင်းရေး၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာဆိုင်ရာ အခြေအနေများတွင် သင်ကြား သုတေသန ပြုနိုင်ရန်၊ တက္ကသိုလ်တိုင်းသည် ကျောင်းသားများနှင့် ပညာရှင်များ အတွက် လုံခြုံသည့် နေရာဖြစ်ရန် စသည့်အချက်များ ပါဝင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ အနှံ့အပြားတွင်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင့်မြင့် ပညာရပ်များကို အဆင်ပြေပြေ သင်ယူလေ့လာနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုစီတွင် အနည်းဆုံး တက္ကသိုလ်တစ်ခု ဖွင့်လှစ်ထားရှိကြောင်း၊ ကယားပြည်နယ် တွင်လည်း လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ တို့ကို ပြည်နယ်မြို့တော်ဖြစ် သည့် လွိုင်ကော်မြို့တွင် ဖွင့်လှစ်ထားရှိခဲ့ကြောင်း၊ လွိုင်ကော်မြို့၏ ပညာကျက်သရေဆောင် လွိုင်ကော်တက္ကသိုလ်တွင်  ဝိဇ္ဇာသိပ္ပံ ဘာသာရပ်ဆိုင်ရာ ရိုးရိုးဘွဲ့ သင်တန်းများအပြင် မဟာဘွဲ့ သင်တန်းများအထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ပြည်နယ်၊ ပြည်မမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ လာရောက်သင်ကြားပို့ချ တာဝန်ထမ်း ဆောင်ခဲ့ကြ  ကြောင်းကို တွေ့ရှိရကြောင်း၊ နေ့သင်တန်းနှင့် အဝေးသင် သင်တန်း ကျောင်းသား ကျောင်းသူများစွာ  အဆင့်မြင့်ပညာ ဆည်းပူးခဲ့ကြသည့် တက္ကသိုလ် တစ်ခုလည်းဖြစ် ကြောင်း။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့သည် စစ်ရေးပစ်မှတ် မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို မိုက်မိုက်မဲမဲ မဆင်မခြင် လက်နက်ကြီး လက်နက်ငယ် များနှင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေး အဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် တက္ကသိုလ်၏ ပညာရေးဆိုင်ရာ အဆောက်အအုံများကို အဆင်အခြင် ကင်းမဲ့စွာ ဖျက်ဆီးခဲ့ကြကြောင်း၊ အဆိုပါတက္ကသိုလ်ကြီးတွင် တာဝန်ထမ်းဆောင်နေ သည့် ပါမောက္ခချုပ် အပါအဝင် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့်အတူ မှီခိုသူ မိသားစုဝင် ၆၄ ဦး၊ စုစုပေါင်း ၁၉၆ ဦးနှင့်  ကျောင်းသားများကို အသုတ်လိုက် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားချိန်တွင် ဆရာ ဆရာမများအနေဖြင့် နီးစပ်ရာ စာသင်ခန်းများ၊ နေအိမ်များတွင် ကြောက်လန့်တကြား ပုန်းအောင်းနေထိုင်ခဲ့ကြရကြောင်း။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ထိခိုက်ဒဏ်ရာ မရရှိစေရေး၊ ဘေးကင်းလုံခြုံစေရေးကို အဓိက ထား ဆောင်ရွက်ခဲ့သည့်အပြင် ကယားပြည်နယ်၏ အဆင့်မြင့်ပညာသင်ကြားရာ လွိုင်ကော်တက္ကသိုလ်၏ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ဆောင်များကို တန်ဖိုးထားပြီး ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့ကြကြောင်း၊  သို့သော် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့သည် စစ်ရေးပစ်မှတ် မဟုတ်သည့်  နိုင်ငံအတွက် တန်ဖိုးထားအပ်သော အရပ်ဖက် ပညာရေးဆိုင်ရာ အဆောက်အအုံများကို  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်ရာနေရာသို့ ထွက်ခွာခွင့် ပြုရမဲ့အစား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ပြီး လူသားတံတိုင်းအဖြစ် အသုံးချ ခဲ့ခြင်းများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း။

လက်နက်ဟူ၍ အပ်တိုတစ်ချောင်းတောင်မရှိသည့် မြေဖြူသာရှိသော အပြစ်မဲ့ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ့အနာဂတ်အတွက် အားကိုးအား ထားပြုရမည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးသည့် စဉ်းစား ဉာဏ်ကင်းမဲ့သော လူမဆန်သည့် လက်နက်အားကိုး အကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း၊  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ဖြေဆိုရမည့် အဝေးသင် တက္ကသိုလ် တတိယအသုတ် စာမေးပွဲကိုလည်း ကျင်းပနိုင်ခြင်း မရှိတော့ဘဲ လွိုင်ကော်တက္ကသိုလ်ကြီးကို ပိတ်ခဲ့ရသည်မှာ ယနေ့ထိပင်ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကို သိရှိကြသည့် ကမ္ဘာ့ပညာတတ် အသိုင်းအဝိုင်းအနေဖြင့် ရင်ထုမနာ စိတ်မကောင်း ဖြစ်နေကြမည်မှာ အသေအချာပင် ဖြစ်ကြောင်း။

အခုအခါ လွိုင်ကော်မြို့၏အခြေအနေမှာ တည်ငြိမ်မှုရှိနေပြီ ဖြစ်သည့် အတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ တို့ကို ပြန်လည်ဖွင့် လှစ်ပေးပြီး ဒေသခံ ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူမှု အခွင့်အရေး မဆုံးရှုံးအောင် ဆောင်ရွက်ပေးခဲ့ကြောင်း။

ဝိဇ္ဇာ သိပ္ပံဘာသာရပ်များကို သင်ယူဆည်းပူးနိုင်သည့် နေ့သင်တန်းနှင့် အဝေး သင်တက္ကသိုလ် သင်တန်းများ တက်ရောက်ရန် အခက်အခဲ ကြုံတွေ့ နေသည့် ကျောင်းသား ကျောင်းသူ ထောင်ပေါင်းများစွာအတွက် “လွိုင်ကော် တက္ကသိုလ် အမြန်ဆုံးပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရေး”ကို ယနေ့အစည်း အဝေးက ညှိနှိုင်း ဆွေးနွေးပေးကြရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနက လွိုင်ကော်တက္ကသိုလ် ပျက်စီးမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက  ပြန်လည်ပြုပြင်နိုင်မည့် အခြေအနေနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်တင်ပြရန် ဖြစ်ကြောင်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက လွိုင်ကော် တက္ကသိုလ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် ပြန်လည် ပြုပြင်နိုင်ရန် ရန်ပုံငွေ ထုတ်ယူသုံးစွဲနိုင်မှုအခြေအနေကို ရှင်းလင်းဆွေးနွေးပေးရန် ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှုကိစ္စများကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြပြီး ပံ့ပိုးပေးရန်မှာကြားလိုကြောင်း။

နိုင်ငံတော်၏ အနာဂတ်ကို ပညာနှင့်သာ တည်ဆောက်ရမည်ဖြစ်သည့် အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ မွေးထုတ်နိုင်ရန်၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာရပ်များကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနိုင်ရန် လွိုင်ကော်တက္ကသိုလ်ကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ပြီး အမြန်ဆုံး ပြန်လည်ဖွင့်လှစ် သွားကြရမည်မှာ နိုင်ငံတော်၏တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အနာဂတ်တွင် အားထားရမည့် ကျောင်းသားလူငယ်များအတွက် လွိုင်ကော် တက္ကသိုလ် ပြန်လည်ပြုပြင်ပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးကို စိတ်စေ တနာအပြည့်နှင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကြမ်း ဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော်တက္ကသိုလ်၏ ၃ ထပ် ပင်မဆောင် ၊ ၂ ထပ် ဘွဲ့နှင်းသဘင်ခန်းမ၊ ၂ ထပ် စာသင်ဆောင်များ၊ ရေသန့်စနစ်နှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ၂ ထပ် ဆရာ၊ ဆရာမများဆောင်၊  အရာရှိ အိမ်ရာ၊ ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ၄ ခန်းတွဲ ၄ ထပ်၊ ၈ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ပါမောက္ခချုပ်နေအိမ်၊ ဒုတိယပါမောက္ခချုပ်နေအိမ်များ၊ ၂ ထပ် ကျောင်းသား ကျောင်းသူ ဆောင်များ၊ အားကစားရုံနှင့် အားကစားခန်းမ၊ ၂ ထပ် စာကြည့်တိုက်များ၊ ၂ ထပ် ကျောင်းသားကျောင်းသူ နားနေဆောင် ပျက်စီးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးကိစ္စရပ် အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ဥပဒေနှင့် အညီ ထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ်က ဦးဇော်မျိုးတင်က အကြမ်း ဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော်တက္ကသိုလ် ပျက်စီးမှုနှင့် ပြုပြင်ဆောင်ရွက်ရမည့် အခြေအနေ၊ လက်ရှိ နယ်မြေဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရာတွင် ပြုပြင်ရေးလုပ်ငန်းများနှင့်အတူ စီမံအုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်းကောင်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများတွင် နည်းပညာပိုင်း ဆိုင်ရာ၊  အရည်အသွေး၊ စံချိန်စံညွှန်းပိုင်းဆိုင်ရာ ပြည့်မီစေရေး ပံ့ပိုးဆောင်ရွက်သွား မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက လွိုင်ကော် တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံး ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရရှိရေးနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စရပ် များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အကြမ်းဖက် မှုများ၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု များကြောင့် ဘေးသင့်ခဲ့ ရမှုများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အရ သဘာဝဘေး အန္တရာယ်ဆိုသည့် သတ်မှတ်ချက်အတွင်း အကျုံးဝင်ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ် ပြုပြင်တည် ဆောက်ရေးလုပ်ငန်းများကို အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လမ်းညွှန်မှာကြား ထားပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ ရန်ပုံငွေကို သုံးစွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့် အခါတွင်လည်း လုပ်ငန်းများအချိန်မီ ပြီးစီးရေးနှင့် တက္ကသိုလ် ၏ လိုအပ်ချက်များ ကိုက်ညီရန်အတွက် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရ အဖွဲ့တို့အနေဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျ အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြစေ လိုကြောင်း၊ ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတွင် ကဏ္ဍရပ် တစ်ခုအနေဖြင့် အရေးပါသည့် လွိုင်ကော်တက္ကသိုလ် ပြုပြင်တည် ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)