ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်





လွိုင်ကော် ဖေဖော်ဝါရီ ၁၅

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသောပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားချက်နှင့်အညီ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကယားပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ရောက်ရှိစေရေးစနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့်လည်း မူလနေရာများတွင် ပြန်လည်အခြေချနေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသောအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအားလုံး ပြန်လည်လည်ပတ် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပြည်နယ်အစိုးရနှင့်အတူ မိမိတို့ကျရာကဏ္ဍမှ တက်ကြွစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ရာ လွိုင်ကော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူ (၂၇၈၉) ဦး၊ ဒီးမော့ဆိုခရိုင်မှ (၈၁၅) ဦး၊ ဘောလခဲခရိုင်မှ (၃၅၄) ဦး၊ မယ်စဲ့ခရိုင်မှ (၅) ဦးနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်သုံးခုမှ (၇၈) ဦးတို့ ကိုယ်စား ကိုယ်စားလှယ်များက အသီးသီး လက်ခံရယူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး ၎င်းတို့၏ အခက်အခဲများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များအား တင်ပြကြရာ ကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအလိုက် ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို  ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွက် (၅) ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အခမ်းအနားတွင် ဇန်နဝါရီလအတွက် အိမ်ထောင်စု (၁၁၉၅) စု၊ လူဦးရေ (၄၀၄၁) ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၀.၈၂၀)သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)