မြိတ်၊ ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစီးပွားဖြစ် စိုက်ပျိုးနိုင်ရန် ပြည်တွင်းစပ်မျိုးများ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ဆီအုန်းမျိုးစပ်မွေးမြူခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဆီအုန်းမျိုးစပ်မွေးမြူထားသောမျိုးပွားခြံ၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာနခြံ (မော်လမြိုင်)၊ (မြိတ်)၊ (ဟတ်စဒင်း)တို့တွင်တည်ထောင်ခဲ့ပြီး ဟတ်စဒင်းခြံမှ မွေးမြူထားသော ဖခင်အပင်ပစ်စီဖာရာ ၅၄ ပင်နှင့် မိခင်အပင်ဒူရာ ၇၈ ပင်တို့မှ မျိုးစပ်၍ တင်နရာမျိုးများထုတ်လုပ်လျက်ရှိကြောင်း ဆီအုန်းမျိုးစပ်မွေးမြူခြင်း ကွင်းသရုပ်ပြပွဲတွင် မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ဒေသခံဆီအုန်းစိုက် တောင်သူများအား ပြောကြားသည်။
မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံရေးအတွက် ဆီအုန်းစိုက်ပျိုးရန်လိုအပ်သော မျိုးစေ့များကို နိုင်ငံခြားမှ တင်သွင်းခဲ့ရပြီး ဆီအုန်းစပ်မျိုးကို တစ်စေ့လျှင် (၆၀ ဆင့်)ဖြင့် ကော့စတာရီကာနိုင်ငံမှ ယခင်ကဝယ်ယူခဲ့ရကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က “ပစ်စီ ဖာရာဖခင်အပင်တစ်ပင်မှမျိုးစပ်ရန် ဝတ်မှုန်ရရှိမှုသည် ဒူရာမိခင်အပင် ၁ဝဝ အထိ လုံလောက်မှု ရှိပြီး ဒူရာမိခင်ပင်တစ်ပင်မှ တစ်နှစ်လျှင် ဆီအုန်း မျိုးစေ့ ၂ဝဝဝ ခန့်ရရှိသဖြင့် လက်ရှိမိခင်အပင်များမှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မျိုးစပ်မိခင်ပင်နှင့် ဖခင်ပင် တို့ကိုပြုပြင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် မျိုးစေ့ ၁၁၀၀ဝဝ အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း မျိုးရိုးဗီဇ မှန်ကန်ရေးအတွက် အမေရိကန်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် မျိုးစပ်နည်းပညာ သင်ကြားတတ်မြောက် လာသည့် မြန်မာနိုင်ငံသား ပညာရှင်များက စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ရရှိသောတင်နရာမျိုးများကို သတ်မှတ်ထားသော အစိုဓာတ်နှင့်အပူချိန်ပေးထားသော မျိုးစေ့အပူ ပေးခန်း (Seed-Germinater) ထဲတွင် သုံးလအပူပေးခြင်း၊ မျိုးစေ့အပင်ဖောက်ခန်းတွင် နှစ်လအစို့ဖောက် ခြင်းများ ဆက်လက်ဆောင်ရွက်၍ အစို့ဖောက် မျိုးစေ့များကို ပျိုးခြံများသို့ပို့ဆောင်ပေးပြီး ယခုအခါ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ညောင်ပင်ကွင်းခြံ၊ ကော့သောင်းခရိုင်၊ ဟတ်စဒင်းခြံနှင့် မလိဝမ်းခြံတို့တွင်လည်းကောင်း ပျိုးခင်းများ ထူထောင်ထားရှိပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးရှိ ဌာနပိုင်ခြံများတွင် သုတေသနစမ်းသပ်ကွက်အဖြစ် စိုက်ပျိုးပြီး ပိုလျှံသောပျိုးပင်များကို စိတ်ဝင်စားသော တောင်သူငယ်များ၊ ကုမ္ပဏီများထံ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ဆက်လက်ပြောကြားသည်။
ဆီအုန်းမျိုးစပ်မွေးမြူခြင်း ကွင်းသရုပ်ပြပွဲကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ က မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်) တို့မှ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာရှိ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မြိတ်)၏ ဆီအုန်းစိုက်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲအခမ်းအနားတွင် မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က အမှာစကားပြောကြားသည်။ ထို့နောက် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်) တာဝန်ခံ ဒေါ်ဌေးဌေးမြင့်က ဆီအုန်းမျိုးစပ်မွေးမြူခြင်းအကြောင်း ဆွေးနွေးပြောကြားပြီး နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မြိတ်) အပင်မွေးမြူရေးဌာနစုမှ လက်ထောက်ဦးစီးမှူး ဦးငြိမ်းချမ်းလင်းက ဆီအုန်းမျိုးစပ်ခြင်းကွင်းသရုပ် ပြပွဲကိုလက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
“ဆီအုန်းမျိုးစပ်မွေးမြူခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကတော့ နည်းစနစ် မှန်ကန်စွာ ဆီအုန်းမျိုးစပ် အစို့ဖောက်ထားခြင်း ဖြစ်၍ ဒေသရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့ ဆီအုန်းမျိုးများဖြစ်ပြီး စိတ်ချယုံကြည်စွာ စိုက်ပျိုး သွားကြရန်ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီများ၊ ပုဂ္ဂလိကခြံရှင်များ၊ ဒေသခံတောင်သူများ ဆီအုန်းစိုက်ပျိုးဧရိယာတိုးချဲ့ရာတွင် ပြည်တွင်းမျိုးများဖြင့် စိုက်ပျိုးသွားကြရန်ဖြစ်ပါတယ်” ဟု နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဌာန(မြိတ်) တာဝန်ခံ ဒေါ်ဌေးဌေးမြင့်က ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း စိုက်ဧကပေါင်း ၃၉၅၇၇၂ ဧကရှိပြီး မြိတ်ခရိုင်အတွင်း တွင် ၆၁၀၃၈ ဧက စိုက်ပျိုးထားသည်။
မြင့်ဦး(မြိတ်)
#MNP #News #Meik
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment