ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ



နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ကျင်းပမည့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေသနစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲကို ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တရုတ်-အာဆီယံသုတေသနစင်တာမှ သုတေသနမှူး Dr. Zhong Jia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် Providing Legal Service for Justice ဟူသည့်တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာ (၂၀၁၉-၂၀၂၄) အရ ဥပဒေအသိပညာ ပြန့်ပွားရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ဖြစ်ရာ ဥပဒေဝန်ဆောင်မှုပုံစံတစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိသော ဥပဒေသုတေသနလုပ်ငန်းများသည်လည်း အရေးပါသောအခန်း ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဥပဒေသုတေသနလုပ်ငန်းများသည် ဥပဒေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မှန်ကန်သော ဥပဒေဝန်ဆောင်မှုပေးနိုင်ရေး၊ ဥပဒေ အကြံဉာဏ်များ ပေးနိုင်ရေးတို့အတွက် အရေးကြီးသော လုပ်ငန်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံသုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းအားဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသန စင်တာတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ကိုလည်း ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုး ရေးနယ်ပယ်နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနခေါင်းစဉ်များကို ရွေးချယ်သတ်မှတ်နိုင်ရန် ဆွေးနွေးခြင်း၊ သုတေသနလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စများ၊ ဥပဒေပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အပြန်အလှန်ဖလှယ်ခြင်း၊ အီလက်ထရောနစ် နည်းလမ်းဖြင့် လိမ်လည်သည့်အမှုများ၊ လောင်းကစားမှုများ၊ မူးယစ်ဆေးဝါးနှင့် အခြားသောနယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်နိုင်ရေးအတွက် တရုတ်-မြန်မာ ဥပဒေရေးရာ သုတေသနစင်တာ တည်ထောင်ခြင်းဆိုင်ရာကိစ္စများ၊ တရုတ်- မြန်မာကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်းဆိုင်ရာ စင်တာတည်ထောင်ခြင်း၊ ၂၀၂၅ ခုနှစ်တွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက Southwest University of Political Science and Law(SWUL) တက္ကသိုလ်သို့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်လာရောက်၍ ပညာရပ်များ သင်ကြားပို့ချနိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)