အကြမ်းဖက်စခန်းတည်နေရာများကို မှန်ကန်စွာ သတင်းပေးတိုင်ကြားလို့ရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်စခန်းတည်နေရာများကို မှန်ကန်စွာ သတင်းပေးတိုင်ကြားလို့ရပြီ


တည်ငြိမ်အေးချမ်းတဲ့ ဒေသမှာ ဒေသခံပြည်သူများအနေနဲ့ မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်တယ်။ သားသမီးတွေရဲ့ ပညာရေးအတွက် စိတ်အေးချမ်းသာ ကျောင်းထားနိုင်တယ်။ တည်ငြိမ်အေးချမ်းတဲ့အတွက် ပညာရေး၊ ကျန်းမာရေး အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါတယ်။ တချိန်တည်းမှာပဲ ၂၀၂၁ ကစလို့ ယနေ့တိုင်အောင် တည်ငြိမ်အေးချမ်းမှု မရှိဘဲ အကြမ်းဖက်လှုပ်ရှားမှု ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာတော့ ဒေသခံပြည်သူတွေအနေနဲ့ နေ့စဉ်လူမှုစီးပွားဘဝအတွက်လည်း ခက်ခဲသလို သားသမီးတွေရဲ့ ပညာရေးအတွက်လည်း ကျီးလန့်စာစား ဖြစ်ခဲ့ရပါတယ်။

အာဏာပိုင်အဖွဲ့အစည်းက တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများရဲ့ လုပ်ရပ်တွေအပေါ် ထောက်ပြပြောဆိုရရင်တော့ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ နိုင်ငံရေးသမားတွေနဲ့ အနုပညာရှင်တွေရဲ့ လှုံ့ဆော်မှုကြောင့် CDM ပဲ လုပ်ရတော့မှာလိုလို၊ အကြမ်းဖက်သမားတွေနဲ့ ပေါင်းပြီး စီးပွားရတာကို အရသာတွေ့သလိုလို ဖြစ်ခဲ့တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီလို ဘာကြောင့် ထောက်ထားပြောဆိုရသလဲဆိုရင် တန့်ဆည်မြို့နယ်ဘက်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေက အကြမ်းဖက်လှုပ်ရှားမှုကို ဘယ်သူတွေ လုပ်နေသလဲဆိုတာကို သိတဲ့ ရဲအရာရှိတွေ ကိုယ်တိုင်က အကြမ်းဖက်သမားကို မနှိမ်နင်းဘူး။ တပ်မတော် စစ်ကြောင်းလာရင် အကြမ်းဖက်သမားတွေထံ သတင်းပေးပြီး တိမ်းရှောင်ခိုင်းတယ်။ တချို့ကြတော့လည်း ယောက်ျားက နိုင်ငံဝန်ထမ်း၊ မိန်းမက နီပိန်း ဖြစ်နေတဲ့အခါ မဘက်လိုက်ပြီး အမိုက်ဇာတ်ခင်းတာမျိုးတွေလည်း ကြားသိရတယ်။ နောက်တော့ အကြမ်းဖက်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကိုပါ သတ်ဖြတ်လာတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ပစ်မှတ်ထားပြီး လုပ်လာတယ်။ ဒီလို အခြေအနေ ဖြစ်လာတော့မှ ရဲအရာရှိ ဆိုသူများလည်း အသိတရားရလာကြတယ်။ အဲဒီလို အခြေအနေဖြစ်နေသည့်တိုင်အောင် အသိတရားမရဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်တဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီး ငွေတောင်းခံပြီး ပြန်လွှတ်ပေးတဲ့ တပို့တည်းသမားတွေလည်း ရှိသေးတယ်။ အဲဒီတော့ အကြမ်းဖက်သမားများက ဘယ်လို ဖြစ်လာလဲ၊ ရဲဖမ်းတာ ကြောက်စရာမရှိဘူး၊ ငွေပေးလိုက်ရင် ပြန်လွတ်တာပဲ။ အကြမ်းဖက်လှုပ်ရှားမှုမှာ ပိုပြီး အတင့်ရဲလာကြတယ်။ 

နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ကလည်း အစိုးရယန္တရား ပျက်ပြားသည်အထိ ဖြစ်မသွားရအောင် ဆရာ/ ဆရာမတွေ CDM လုပ်သွားတဲ့ နေရာမှာ တပ်မတော်က အရာရှိတွေနဲ့ အစားထိုးပြီး ပညာသင်ပေးတာမျိုး၊ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်၊ ဆရာမတွေ CDM လုပ်သွားတဲ့နေရာမှာ တပ်မတော်မှ ဆရာဝန်၊ သူနာပြုများနဲ့ အစားထိုးပြီး ပြည်ဖျက်မိစ္ဆာတွေရဲ့ စနက်ကြောင့် ယန္တရားပျက်ယွင်းသည်အထိ ဖြစ်မသွားရလေအောင် ကွပ်လပ်တွေကို လိုက်ဖြည့်နေရတယ်။ အဂတိမှု အများဆုံးဌာနနေတွကိုလည်း နိုင်ငံတော်အကြီးအကဲတွေ သိတယ်။ သူတို့တွေလည်း ဒီဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြသူတွေပဲ။ တချို့ရဲအရာရှိတွေဆိုရင် အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ပြည်သူများအပေါ် ယုတ်မာကောက်ကျစ်လွန်းတယ်ဗျာ။ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိ၊ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်းမရှိတဲ့ ပြည်သူကို အကြမ်းဖက်လှုံ့ဆော်သူပါလို့ ခေါင်းစဉ်တပ်ဖမ်းဆီးရိုက်နှက် သေလောက်အောင် နှိပ်စက်ပစ်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ ပုဂ္ဂိုလ်ရေး အမြင်မကြည်တာကို အကြောင်းပြုပြီး လုပ်ပိုင်ခွင့်ထဲရောက်အောင် ဖန်တီးပြီး နှိပ်စက်ကလူ ပြုတဲ့ လုပ်ရပ်မျိုးဗျ။

၁၁-၂-၂၀၂၅ ရက်နေ့က ကျင်းပသွားတဲ့ နစက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ နစကအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တွေ့ဆုံတဲ့ပွဲမှာတော့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်စွမ်းအားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတယ်လို့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ဒီကာလမှာ နိုင်ငံတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်များမှာလည်း အင်မတန် ပင်ပန်းပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်သိစိတ်နဲ့ လုပ်ကိုင်နေသူတွေကြားထဲမှာ ကိုယ်ကျိုးရှာလိုသူတွေကြောင့်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်သူလူထုဟာ ကင်းကွာသည်ထက် ပိုမိုကင်းကွာ လာတဲ့ အနေအထားမျိုး ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကူညီပါရစေ ဆိုသည့် ဆောင်ပုဒ်နဲ့အညီ ရဲအရာရှိများက ပြည်သူလူထုကြား ဖြစ်ပေါ်လာတဲ့ ပြဿနာများကို ဥပဒေနဲ့အညီ တည့်မတ်မှန်ကန်စွာ ရပ်တည်ဆောင်ရွက်ပေးမယ်ဆိုရင် ပြည်သူလူထုက ယုံကြည်ကိုးစားတဲ့ အဖွဲ့အစည်းအဖြစ် ပြန်လည် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

တချို့ ရဲစခန်းတွေမှာ အချုပ်သားတွေ ဖောက်ပြေးတဲ့ အဖြစ်မျိုးတွေ ဖြစ်ပေါ်ခဲ့တာတွေလည်း ရှိပါတယ်။ ဒီလို ဖြစ်ရခြင်းကလည်း တာဝန်အပေါ် အလေးထားမှု အားနည်းချက်တွေ ရှိနေတာကို အတိအလင်း ပြဆိုနေပါတယ်။ ဒီကာလဟာ ပိုပြီး သတိရှိရမယ်။ တာဝန်ကို လေးစားကြရမယ် မဟုတ်ပါလား။ အကြမ်းဖက်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေကိုသာမက မိသားစုဝင်များကိုပါ ပစ်မှတ်ထား ရန်ရှာနေချိန်ဖြစ်လို့ သတိလက်လွတ် မဖြစ်ဘဲ အထူးဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။ 

မြို့တွေပေါ်မှာ ဆူပူဆန္ဒပြရာကနေ နီပိန်းတွေ KNU, KIA ဆီကို သွားကြပြီ။ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှု စပြီ။ အကြမ်းဖက်သင်တန်းဆင်းပြီး ပြန်လာတဲ့ နီပိန်း အကြမ်းဖက်သမားတွေက ကိုယ့်ရပ်ရွာထဲက အမြင်မတူတဲ့ မိသားစုတွေကို စပြီး ရန်ရှာတယ်။ အကြမ်းဖက်သင်တန်းဆင်းလာတဲ့ ကောင်တွေကပဲ ရပ်ရွာနဲ့ မလှမ်းမကမ်းမှာ အကြမ်းဖက်စခန်းဖွင့်၊ အကြမ်းဖက်သင်တန်းပေးတာမျိုးတွေ လုပ်လာကြတယ်။ ၂၀၂၂ ထဲမှာ အဲဒီလို လုပ်နေတဲ့ နေရာတွေကို ဒေသခံတွေက ကျွန်တော်တို့ သတင်းဌာနတွေကို လှမ်းပြောတယ်။ ကျွန်တော်တို့ အနေနဲ့က အကြမ်းဖက်လှုပ်ရှားမှုကို မလိုလားတဲ့ အတွက် သတင်းတွေ ရေးသားဖော်ပြတယ်။ လက်လှမ်းမီသမျှ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများထံ သတင်းပို့တယ်။ သို့သော်လည်း ရှင်းလင်းဆောင်ရွက်တာမျိုး မလုပ်ခဲ့ကြဘူး။ မရှင်းတဲ့အတွက်ကြောင့်လည်း စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်တွေမှာ အကြမ်းဖက်စခန်းတွေ မှိုလိုပေါက်လာပြီး လမ်းပေါ်တက် ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်သည်အထိ ဖြစ်လာခဲ့ပါတယ်။

၁၁-၂-၂၀၂၅ ရက်နေ့က တွေ့ဆုံတဲ့ ပွဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လုံခြုံရေးနှင့်ပတ်သက်၍ အဓိကဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စွမ်းရည်စွမ်းအားရှိသည့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုများအပေါ် လိုအပ်သည်များ အားပေးထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နေရာဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မှန်မှန်ကန်ကန်ဖြင့် တာဝန်ပေးအပ်နိုင်ရေး၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသအလိုက်ရှိပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ အတူတကွလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

သွားလာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုအပိုင်းနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်မှုကို ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသအလိုက် နယ်မြေစိုးမိုးမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို အထူးအလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေနိုင်မည်ဖြစ်ပြီး စားရေးသောက်ရေးနှင့် လူမှုစီးပွားဘဝများလည်း ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သွားလာမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ထည့်သွင်း ပြောကြားသွားတာကို တွေ့ရပါတယ်။

ဆိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနဲ့လည်း ဆုံးဖြတ်ချက် ပြတ်သားသင့်ပါပြီ။ ပြည်ဖျက်မိစ္ဆာတွေကို ယုံစားပြီး CDM လုပ်တဲ့သူတွေ လမ်းဘေးရောက်ကုန်ကြပြီ။ အကြမ်းဖက်သမားတွေက ရဲတပ်ဖွဲ့ဝင်များနဲ့ မိသားစုဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း မနည်းတော့ပါဘူး။ ဒါကြောင့် မြို့နယ်အလိုက် နယ်မြေခံတပ်များအနေနဲ့ အကြမ်းဖက်စခန်းတွေကို သိသည်နှင့် တပြိုင်နက် ရှင်းသင့်ပြီ။ အကြမ်းဖက်သမားများ လမ်းပေါ်တက်လာပြီ ဆက်ကြေးကောက်နေတယ်လို့ သတင်းကြားတာနဲ့ အချိန်နဲ့ တပြေးညီ ရှင်းလို့ရပြီ။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများကလည်း အချိန်နဲ့ တပြေးညီ အကြမ်းဖက်အဖွဲ့များရဲ့ လှုပ်ရှားမှုကို သက်ဆိုင်ရာမြို့နယ်များမှာ ရဲတပ်ဖွဲ့၊ ထွေအုပ်ရုံးတို့မှာ သတင်းပေးပြီး အကြမ်းဖက်စခန်းများ ပပျောက်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နိုင်ပါတယ်။ မမှန်မကန် သတင်းပေးခြင်းမျိုးတွေ မလုပ်ဖို့၊ မမှန်မကန် သတင်းပေးခြင်းအားဖြင့် တာဝန်ရှိသူတွေကို အလုပ်ရှုပ်အောင် လုပ်သလို ဖြစ်စေပါတယ်။ မှန်ကန် တိကျစွာ သတင်းပေးပြီး အကြမ်းဖက်နှိမ်နင်းရေးကို အချိန်နှင့်တပြေးညီ တက်ညီ လက်ညီဆောင်ရွက်ကြပါမှ မိမိတို့ လိုလားသော တည်ငြိမ်အေးချမ်းတဲ့ ခရီးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိမှာ ဖြစ်ပါကြောင်း . . .။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)