နေပြည်တော်၊ ဖေဖော်ဝါရီ ၂
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌အခြေပြု၍ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၁၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၆ ဦး၊ ခွဲစိတ်ရောဂါ ၅၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၄ ဦး၊ ကလေးရောဂါ ၂၂ ဦး၊ အရိုးရောဂါ ၁၀၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၂ ဦး၊ မျက်စိရောဂါ ၂၁၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၅ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၄၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၀၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၃၅ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
၎င်းအပြင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ ခွဲစိတ်ပါရဂူ၊ ကလေးပါရဂူ၊ မေ့ဆေးပါရဂူနှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ဟိုင်းကြီးကျွန်းမြို့နယ်၊ မောင်ပါကျေးရွာနေ ဦးမောင်မောင်ကြည်၏ ဇနီးဖြစ်သူ ဒေါ်နှင်းနှင်းအေးကို မွန်းလွဲ ၂ နာရီ ၃၂ မိနစ်တွင် ၆ ပေါင် ၃ အောင်စရှိ သမီးတစ်ဦးအား အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
၎င်းကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ ပေးအပ်သည့်ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံးအကြိမ်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သမိုင်းမှတ်တမ်းတွင် ၂၂ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
#MNP #News
Join - https://t.me/MyanmarNationalPost






No comments:
Post a Comment