နေပြည်တော်၊ ဖေဖော်ဝါရီလ ၃
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ အခြေပြု၍ ဟိုင်းကြီးကျွန်းမြို့ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၁၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၅ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၄၈ ဦး၊ အရိုးရောဂါ ၁၁၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၀ ဦး၊ မျက်စိရောဂါ ၁၃၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၅ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၅၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၁၃ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
ကျွန်မတို့ မရှိဆင်းရဲသားတွေ အနေနဲ့ အခုလိုတပ်မတော် ဆေးသင်္ဘော ကြီးက လာရောက်ပြီးတော့ ဆေးကုသပေးတဲ့ အတွက် အရမ်းကို အဆင် ပြေပါတယ်။ ငွေကုန်ကြေးကျ နည်းတဲ့အခါကျတော့လည်း သွားရေးလာရေး စရိတ်လောက်ပဲ ကုန်ကျတဲ့အတွက် အားလုံးအဆင်ပြေပါတယ်။ ဟိုင်းကြီးကျွန်း ဒေသ အတွက်ကို အခုလို တပ်မတော် ဆေးသင်္ဘောက ဆရာဝန်၊ ဆရာမတွေ အနေနဲ့နောက်နှစ် တွေမှာလည်း ပြည်သူလူထု အတွက်ကို ဆေးကုသမှုတွေ လာရောက် ကုသပေးနိုင်ဖို့ ဖိတ်လည်း ဖိတ်ခေါ်တယ်။ ကျေးဇူးလည်း တင်ပါတယ်။
အခုလို တပ်မတော် ဆေးသင်္ဘောကြီး လာရောက်ပြီးတော့ ဆေးကုသပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အကုန်အကျလည်း သက်သာပါတယ်။ ကျွန်တော်တို့ နဂိုတုန်းက ရောဂါဖြစ်တယ်ဆိုရင် တိုက်နယ်ဆေးရုံလာရတယ်။ ရောဂါ ပြင်းပြင်းထန်ထန် ဆိုလို့ရှိရင် ပုသိမ်၊ ရန်ကုန် အဲ့လောက်ထိ သွားရပါတယ်။ ကုန်ကျစရိတ်တွေလည်း တအားများပါတယ်။ နောက်ပြီးတဲ့အခါမှာ တွေ့ရတာ ကတော့ သွား ဆိုရင် သွား၊ ရောဂါပေါင်းစုံပေါ့ ဆရာမရယ် သူ့ဌာနနဲ့သူ လုပ်ပေးပြီးတော့ နေရာတကျ စီစဉ်ဆောင်ရွက်ပြီးတော့ လိုက်လံပို့ဆောင်ပေးတဲ့ အထိ တပ်မတော်သားတွေက လုပ်ကိုင်ပေးနေပါတယ်။ အခုလို လာရောက်ကုသ ပေးတဲ့ အတွက် ဆေးရုံသင်္ဘောကြီးရော၊ တပ်မတော်သားတွေ ကိုရော အများကြီး ကျေးဇူးတင်ပါတယ်။ နောက်နှစ် နောက်နှစ်တွေမှာလည်း အမြဲ တမ်း လာရောက်ပြီး ကုသနိုင်ပါစေလို့ ဆုတောင်းပါတယ်။
#MNP #News #Health
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment